မောင်းသူမဲ့ယာဉ်များအတွက် ယာဉ်စည်းကမ်းဥပဒေ ပြင်ဆင်ရန် တရုတ် အဆိုပြု
တရုတ်နိုင်ငံတွင် အလိုအလျောက်မောင်းနှင်စနစ် အသုံးပြုသည့် မောင်းသူမဲ့ယာဉ်များနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများကို ထည့်သွင်းနိုင်ရန် လက်ရှိ ယာဉ်စည်းကမ်းဥပဒေကို ပြင်ဆင်ရန် တရုတ်အစိုးရက အဆိုပြုထားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
အဆိုပါ ယာဉ်စည်းကမ်းဥပဒေ ပြင်ဆင်ချက်မူကြမ်းကို ဩဂုတ် ၂၅ ရက်က ကနဦးသုံးသပ်ရန် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အလိုအလျောက်မောင်းနှင်ခြင်းနှင့် ယာဉ်မောင်းအကူအညီပေးစနစ်ဖြင့် မောင်းနှင်ခြင်းတို့ကို ခွဲခြားသတ်မှတ်ထားသည့်အပြင် ယင်းစနစ်များနှင့် ဆက်စပ်သည့် ဥပဒေအရ တာဝန်ရှိမှုများကိုလည်း ရှင်းလင်းစွာ သတ်မှတ်ထားသည်။
ပြင်ဆင်ချက်မူကြမ်းအရ မော်တော်ယာဉ်တစ်စီးသည် အလိုအလျောက်မောင်းနှင်သည့်စနစ်ဖြင့် မောင်းနှင်နေစဉ် ယာဉ်စည်းကမ်းချိုးဖေ-ာက်မှု ဖြစ်ပွားပါက သက်ဆိုင်ရာ မော်တော်ယာဉ်ထုတ်လုပ်သူ သို့မဟုတ် တင်သွင်းသူတွင် တာဝန်ရှိမည်ဖြစ်သည်။
သို့သော် လူကိုယ်တိုင် မောင်းနှင်သည့်ယာဉ်များနှင့် ယာဉ်မောင်းအကူအညီပေးစနစ်ကိုသာ အသုံးပြုသည့် ယာဉ်များအတွက်မူ လက်ရှိ ယာဉ်စည်းကမ်းဥပဒေနှင့် စည်းမျဉ်းများအတိုင်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။