ICRC က ၂၀၂၆ ပထမနှစ်ဝက်အတွင်း ပဋိပက္ခဒ-ဏ်သင့်သူ ၁၂၀,၀၀၀ ကျော်ကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများနှင့် အရေးပေါ်အခြေအနေများကြောင့် ထိခိုက်ခံစားရသူ ၁၂၀,၀၀၀ ကျော်ထံ ရောက်ရှိကာ အရေးပေါ်နှင့် ရေရှည်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ထုတ်ပြန်သည်။
ICRC သည် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နေရပ်စွန့်ခွာသူများအား အခြေခံလိုအပ်ချက်များ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေနှင့် မိလ္လာစနစ်၊ အမိုးအကာရရှိရေး၊ ကိုယ်ကာယပြန်လည်သန်စွမ်းရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အထောက်အပံ့များအပြင် မိသားစုဝင်များအကြား အဆက်အသွယ်ပြန်လည်ရရှိရေးနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။
အထူးသဖြင့် ပဋိပက္ခကြောင့် ထိခိုက်ခဲ့သည့် မိသားစုများ စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် လူပေါင်း ၅၃,၀၀၀ ဝန်းကျင်အား မျိုးစေ့များ၊ စိုက်ပျိုးရေးသုံးကိရိယာများနှင့် သဘာဝမြေဩဇာများ ပံ့ပိုးပေးခဲ့ကြောင်း ICRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image