ညောင်တုန်းကျွန်းတာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပေ ၃၀၀ ခန့် အိပဲ့ကျ၊ အရေးပေါ်ပြုပြင်မှုများ ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တွင် မြစ်ရေတိုက်စားမှုကြောင့် အလျားပေ ၃၀၀၊ အနံပေ ၆၀ ခန့် တာအိပဲ့ကျမှု ယနေ့ (ဩဂုတ် ၂၅ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးပေါ်ပြုပြင်ရေးနှင့် တာကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာအိပဲ့ကျမှုမှာ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ၏ တာမိုင် (၁၀/၆) နှင့် (၁၀/၇) ကြားတွင် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ်ရေတိုက်စားမှုနှင့် ရေဝဲတိုးမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် နံနက် ၇ နာရီခွဲခန့်မှစ၍ သက်ဆိုင်ရာဌာနများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်းကာ စက်ယန္တရားနှင့် လူအင်အားအသုံးပြု၍ တာအိပဲ့ကျမှု ထပ်မံမဖြစ်ပွားစေရေးအတွက် တာပန်းကာကွယ်ခြင်းနှင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် ပြုပြင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ မြစ်ရေမြင့်တက်မှုနှင့် ဆက်စပ်သည့် ရေဘေးအခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ယခု ညောင်တုန်းကျွန်းတာ အိပဲ့ကျမှုမှာလည်း မြစ်ရေတိုက်စားမှုနှင့် ဆက်စပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

image