အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထား ခဲဖြင့်ပေါ-က်ခံရ ဖမ်းဆီးရမိရေးဆောင်ရွက်နေ
မြန်မာ့မီးရထား၏ အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း တပ်ကုန်းမြို့နယ်အတွင်းပြေးဆွဲနေစဉ် သြဂုတ် ၂၅ ရက်နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ညောင်လွန့်ဘူတာနှင့် မကျီးပင်ဘူတာကြား မိုင်တိုင်အမှတ် ၂၅၈/၂၄ နှင့် ၂၅၈/၂၃ ကြား၌ခဲဖြင့်ပေါ-က်ခံခဲ့ရကြောင်း သိရသည်။
ရထားလမ်းညာဘက်ခြမ်းမှ ခဲဖြင့်ပစ်ပေ-ါက်ခဲ့သဖြင့် ရထားတွဲဆိုင်း (၅)တွဲမြောက် ပထမတန်းတွဲ DEMU F(C) -1006 တွဲ၏ ခုံအမှတ် ၄၃၊ ၄၄၊ ၄၅ နှင့် ၄၆ ကြား ပြတင်းတံခါးမှန်အားထိမှန်ကာ မှန်ကြေမွကွဲအက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရထားအားနောက်ပြန်ဆုတ်၍ မကျီးပင်ဘူတာဆိုက်ရောက်ပြီး ရထားလိုက်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ရထားကြန့်ကြာမှု မိနစ် ၂၀ ဖြစ်ပေါ်ခဲ့သော်လည်း အခြားရထားများမှာကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲခဲ့ကြကြောင်း သိရသည်။
ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကိုတစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့)တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပုဒ်မ(၈၄)အရ အနည်းဆုံး (၅)နှစ်မှ နှစ်(၂၀)ထက်မပိုသော ထောင် ဒ-ဏ်ချမှတ်မည့်အပြင် ငွေဒ-ဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။