အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံပေါင်း(၅၀)ကျော်မှ နိုင်ငံခြားသား(၇၂,၀၀၀)ဦးကျော်ကို မူရင်းနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီးဖြစ်

သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဟု MOFA ပြည်ထောင်စုဝန်ကြီးပြော
အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ပါဝင်ခဲ့သည့် နိုင်ငံပေါင်း(၅၀)ကျော်မှ နိုင်ငံခြားသား(၇၂,၀၀၀)ဦးကျော်ကို မူရင်းနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီးဖြစ်ရာ သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေကပြောသည်။
သြဂုတ် ၂၅ ရက်ကကျင်းပသည့် "နိုင်ငံဖြတ်ကျော်ရာ ဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တားဆီး၊ ကာကွယ်၊ တိုက်ဖျက်ရေးဆိုင်ရာ"အသိပညာပေးဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါရာဇဝတ်မှုများကို အမျိုးသားလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုအဖြစ်သတ် မှတ်ကာ အထူးစစ်ဆင်ရေးများဖြင့် online scams centers များကို ထိရောက်စွာရှင်းလင်းနိုင်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တားဆီး၊ ကာကွယ်၊ တိုက်ဖျက်ရေးဆိုင်ရာ ပြည်တွင်း၌ ဆောင်ရွက်နေသည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ စိန်ခေါ်မှုများနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့်ပတ်သက်၍ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာ အစိုး ရ၏လုပ်ငန်းစဉ်များ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်း နိုင်ငံတော်နှင့် ပြည်သူအကျိုးစီးပွားအတွက် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုအန္တရာယ်များကို ဆက်လက်တိုက်ဖျက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ အာဆီယံနိုင်ငံများအခြေစိုက် မြန်မာသံအမတ်ကြီးများ/သံရုံးအကြီးအကဲများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံနိုင်ငံများအခြေစိုက် မြန်မာသံရုံးများ/အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့တွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ/သံတမန်များတက်ရောက်ခဲ့ကြသည်။

image