ရွှေကျင်၊ ဘားအံနှင့် ဘီးလင်းတွင် မြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်၊ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေသူများ သတိပြုရန် မိုးဇလ သတိပေး
ရွှေကျင်မြစ်၊ သံလွင်မြစ်နှင့် ဘီးလင်းမြစ်တို့တွင် မြစ်ရေမြင့်တက်လာနေပြီး လာမည့်တစ်ရက်အတွင်း ရွှေကျင်၊ ဘားအံနှင့် ဘီးလင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ အသီးသီး ရောက်ရှိနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားသည်။
ဩဂုတ် ၂၆ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ်အောက် ၇ လက်မခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အောက် ၉ လက်မခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေ ၃ လက်မခန့်တွင် ရောက်ရှိနေသည်။
အဆိုပါ မြစ်ရေများသည် နောက်တစ်ရက်အတွင်း သက်ဆိုင်ရာမြို့များ၏ စိုးရိမ်ရေမှတ်သို့ အသီးသီး ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ထို့ကြောင့် ရွှေကျင်၊ ဘားအံနှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် မြစ်ရေအခြေအနေကို အထူးသတိပြုစောင့်ကြည့်ကြရန်နှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက ဘေးလွတ်ရာသို့ အချိန်မီ ရှောင်ရှားနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြရန် မိုးဇလက သတိပေးထားသည်။