ဒါးကချောင်းရေမြင့်တက်မှုကြောင့် ကျုံပျော်တွင် ရေဘေးရှောင် ၂,၅၀၀ နီးပါးရှိလာ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းပြီး ဒါးကချောင်းရေ မြင့်တက်လာမှုကြောင့် ကျေးရွာအုပ်စု ၁၄ ခု၊ ရွာပေါင်း ၂၈ ရွာ ရေဝင်ရောက်လျက်ရှိပြီး ရေဘေးရှောင်ပြည်သူ ၂,၅၀၀ နီးပါး ရှိလာကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၁၀ ရက်မှ ၂၂ ရက်နေ့အထိ စာရင်းများအရ ကျုံပျော်မြို့နယ်အတွင်း ရေနစ်မြုပ်သည့် အိမ်ခြေ ၇၁၁ အိမ်နှင့် ရေဘေးရှောင်ပြည်သူ ၂,၄၇၀ ဦးရှိကာ အဆိုပါပြည်သူများမှာ မြို့နယ်အားကစားခန်းမ၊ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးများအိမ်တွင် ခိုလှုံနေကြရကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးအောင်သန်းဝင်းက ပြောသည်။
လက်ရှိတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရန်ကုန်မှ စေတနာရှင်အချို့က လာရောက်ထောက်ပံ့ပေးနေပြီး အလှူရှင်များ သွားလာရေးအဆင်ပြေစေရန်လည်း ကူညီဆောင်ရွက်ပေးမည်ဟု ဆိုသည်။
သို့သော် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာအချို့ရှိ ရေဘေးရှောင်များထံ အလှူရှင်အရောက်နည်းသဖြင့် အခက်အခဲရှိနေကြောင်း ဒေသခံကူညီရေးအဖွဲ့များက ပြောဆိုသည်။
ထို့ပြင် အိမ်နီးချင်း လေးမျက်နှာမြို့နယ်တွင်လည်း ငဝန်တာအောက်ခံ မြစ်ကျိုးအင်း သဲကြောထူးပေါက်၍ ရေစီးဆင်းမှုကြောင့် အနီးဝန်းကျင်ကျေးရွာအချို့မှ ပြည်သူများ ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်နေကြရသည်။