မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ကချင်ရုံးခွဲ) သို့ ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု၊ နယ်စပ်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း
ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ (ဩဂုတ် ၂၃ ရက်) ညနေပိုင်းက မြစ်ကြီးနားမြို့၊ အေးမြသာယာဈေးအတွင်း ဖွင့်လှစ်ထားသည့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ရုံးခွဲ (ကချင်) သို့ သွားရောက်ကြည့်ရှုကာ အသင်းဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်သည် တရုတ်နိုင်ငံနှင့် ရှည်လျားသည့် နယ်စပ်မျဉ်း ထိစပ်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်သဖြင့် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် နယ်စပ်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ပြည်နယ်ဝန်ကြီးချုပ်က မှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ကချင်ရုံးခွဲ) ဥက္ကဋ္ဌ ဦးဆောင်ဘောမ်နှင့် အသင်းဝင်များက အသင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ကချင်ရုံးခွဲ) ၏ အသင်းရန်ပုံငွေအတွက် ငွေကျပ် သိန်း ၅၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။