ပါမောက္ခချုပ်ဆရာတော်ကြီးထံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး မိသားစုက ကျမ်းစာအုပ်များလှူဒါန်း
စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကိုအဓိကထားကြိုးစားရန် ပါမောက္ခ ချုပ်ဆရာတော်ကြီးတိုက်တွန်း
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာ၌သီတင်းသုံးနေတော်မူသည့် ပါမောက္ခချုပ်ဆရာတော်ကြီးထံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး မိသားစုက ဗုဒ္ဓကျမ်းစာအုပ်များကို လှူဒါန်းခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီး မိသားစုက ဓမ္မစကြာမဟာဋီကာသစ်ကျမ်းကြီး၊ ဗုဒ္ဓဝါဆိုစဉ်အလင်္ကာများစာအုပ်နှင့် သာသနာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသော ကွန်ပျူတာစာစီမူ အဋ္ဌကထာကျမ်းစာအုပ်များကို လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို နိုင်ငံတော်သမ္မတနှင့် ဇနီး မိသားစု(ကိုယ်စား) သာ သနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သြဂုတ် ၂၄ ရက်နံနက်ပိုင်းတွင် ပါမောက္ခချုပ်ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ပါမောက္ခချုပ်ဆရာတော်ကြီးက အဋ္ဌကထာ ဋီကာကျမ်းစာအုပ်များကို ပြန်လည်ပုံနှိပ်နိုင်ခြင်းမရှိသည်မှာ နှစ်ပေါင်းအတော်ကြာပြီ၍ ပါဠိတော်များကို အဋ္ဌကဘထာ၊ ဋီကာအဖွင့်များနှင့်ကြည့်၍ အဓိပ္ပာယ်သိရှိရကာ အဋ္ဌကထာဋီကာအဖွင့်ကိုမကြည့်ဘဲ ပါဠိတော်သက် သက်ဘာသာပြန်လျှင် Interpretation Problem ဖြစ်နိုင်သဖြင့် နောင်တွင် AI tool များဖြင့် ဘာသာပြန်ခြင်းလုပ်ငန်းဆောင်ရွက်လျှင် Leak Version (မူကွဲမူပျက်) များထွက်ပေါ်လာနိုင်ပြီးပျက်စီးနိုင်သည်ဟု မိန့်ကြားတော်မူသည်။
ထို့ပြင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစာပေများ မပျောက်ပျက်အောင်ထိန်းသိမ်းခြင်းလုပ်ငန်းသည် သာ သနာရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်ပြီး အရေးအကြီးဆုံးဖြစ်၍ ယခုကဲ့သို့ အဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆဋ္ဌမူအတိုင်းပြင်ဆင်ဖြည့်စွက်နုတ်ပယ်ခြင်းမပြုဘဲ နောက်ဆက်တွဲ(Index)ပါ နာနာပါဌ (Different Version)များ၊ အောက်ခြေမှတ်စု(Foot note)များပါမကျန် ကွန်ပျူတာစာစီမူပြန်လည်ပုံနှိပ်ဆောင်ရွက်ခြင်းသည် အလွန်ပြည့်စုံပြီး အင်မတန်ကောင်းမွန်သောအ လုပ်ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။
ထို့အတူ စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကို အဓိကထားကြိုးစားရန် တိုက် တွန်းခဲ့ပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့်ပတ်သက်လျှင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စာပေများကို ထေရဝါဒအ တိုင်း ထိန်းသိမ်းထားနိုင်သည့် မြန်မာနိုင်ငံကိုသာ အား ကိုးပြုရမည်ဟုလည်း မိန့်ကြားတော်မူခဲ့သည်။