အသင်းဟောင်းရဲ့ ဒါဘီပွဲကို သွားရောက်အားပေးခဲ့တဲ့ ဇိုလစ် သူရဲကောင်းတစ်ဦးလို ကြိဆိုခြင်းခံခဲ့ရ
အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား ဇိုလစ်ဟာ အသင်းဟောင်း ကလပ်ဘရုဂေးရဲ့ ဒါဘီပွဲစဉ်ကို သွားရောက်အားပေးခဲ့ရာမှာ သူရဲကောင်းတစ်ဦးလို ကြိုဆိုခြင်းခံခဲ့ရကြောင်း သိရပါတယ်။
မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံပရိုလိဂ်ပြိုင်ပွဲမှာ ကလပ်ဘရုဂေးအသင်းက မြို့ခံပြိုင်ဘက် Cercle Brugge အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဇိုလစ်က ဘောလုံးကန်သွင်းပြီး ပွဲစတင်ပေးခဲ့ကြောင်းလည်း သိရပါတယ်။
ကလပ်ဘရုဂေးအသင်းရဲ့ ပရိသတ်တွေက ဇိုလစ် ကွင်းထဲဝင်ရောက်လာချိန်မှာ မတ်တပ်ရပ်ပြီး ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။
ဂရိလက်ရွေးစင်ကစားသမား ဇိုလစ်က ကလပ်ဘရုဂေးအသင်းမှာ နှစ်ရာသီကစားခဲ့စဉ်အတွင်း (၁၀၈)ပွဲကစားကာ (၄၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၄၅)ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြခဲ့တာကြောင့် ပရိသတ်အချစ်တော် ကစားသမားတစ်ဦး ဖြစ်ခဲ့တာပါ။
ဇိုလစ်က ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကို ပေါင်(၃၄)သန်းနဲ့ ပြောင်းရွှေ့ပြီး အင်္ဂလန်မြေမှာလည်း ခြေစွမ်းပြနိုင်တာကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း မြန်မြန်ဆန်ဆန်ရရှိခဲ့ပါတယ်။
ဇိုလစ်က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းဟောင်း ကလပ်ဘရုဂေးနဲ့ ပြန်လည်ဆုံတွေ့လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။