နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗာပြည်နယ်၊ ကီဇီးလ်မြို့ရှိ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှု
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၂၃ ရက်တွင် တူဗာပြည်နယ်၊ ကီဇီးလ်မြို့ရှိ တူဗာပြည်နယ် အမျိုးသားပြတိုက် (National Museum of the Republic of Tuva) သို့ သွားရောက်၍ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် သမိုင်း၊ ရှေးဟောင်းသုတေသနနှင့် တူဗာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို လေ့လာကြည့်ရှုခဲ့သည်။
တူဗာပြည်နယ် အမျိုးသားပြတိုက်သည် တူဗာဒေသ၏ သမိုင်းကြောင်း၊ ရှေးဟောင်းသုတေသနနှင့် လူမျိုးစုယဉ်ကျေးမှုအမွေအနှစ်များကို စုဆောင်းထိန်းသိမ်း၍ ပြသထားသည့် အဓိကယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ပြတိုက်တွင် ရှေးခေတ်တူဗာဒေသ၏ လူမှုဘဝ၊ ရိုးရာဓလေ့၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများအပြင် ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိချက်များကိုလည်း ခင်းကျင်းပြသထားသည်။
ပြတိုက်၏ အထင်ကရစုဆောင်းမှုများတွင် “တူဗာဘုရင်များချိုင့်ဝှမ်း” (Valley of the Kings of Tuva) ဒေသရှိ Arzhan နှင့် Arzhan-2 ရှေးဟောင်းသင်္ချိုင်းကုန်းများမှ တူးဖော်တွေ့ရှိခဲ့သည့် Scythian ခေတ် ရှေးဟောင်းအမွေအနှစ်များ ပါဝင်သည်။ အထူးသဖြင့် Arzhan-2 တော်ဝင်သင်္ချိုင်းကုန်းမှ တွေ့ရှိခဲ့သည့် ရွှေထည်ပစ္စည်းများနှင့် လက်ဝတ်ရတနာများသည် ရှေးခေတ် Scythian လူမျိုးတို့၏ အနုပညာလက်ရာ၊ လူနေမှုဘဝနှင့် ယဉ်ကျေးမှုအဆင့်အတန်းတို့ကို လေ့လာနိုင်သည့် အရေးပါသော ရှေးဟောင်းအထောက်အထားများဖြစ်သည်။
Arzhan-2 မှ တူးဖော်တွေ့ရှိခဲ့သည့် ရွှေထည်ပစ္စည်းများသည် စုစုပေါင်း အလေးချိန် ကီလိုဂရမ် ၂၀ ကျော်ရှိပြီး အဆိုပါရှေးဟောင်းပစ္စည်းများကို “Treasures of the Valley of the Kings – Royal Kurgan Arzhan-2” ပြခန်းတွင် အဓိကထား ခင်းကျင်းပြသထားသည်။ ယင်းစုဆောင်းမှုသည် တူဗာပြည်နယ်၏ အရေးပါဆုံး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအနက် တစ်ခုအဖြစ် ထင်ရှားသည်။
နိုင်ငံတော်သမ္မတသည် ပြတိုက်အတွင်းရှိ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများ၊ Scythian ခေတ် ရွှေထည်လက်ရာများ၊ တူဗာလူမျိုးတို့၏ ရိုးရာအသုံးအဆောင်များ၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
ယခုကဲ့သို့ တူဗာပြည်နယ်၏ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာကြည့်ရှုခြင်းသည် နိုင်ငံတော်သမ္မတ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း ဒေသအလိုက် သမိုင်း၊ ယဉ်ကျေးမှုနှင့် လူမှုဘဝများကို ပိုမိုနားလည်သိရှိစေသည့်အပြင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ချစ်ကြည်ရင်းနှီးမှုနှင့် ပြည်သူအချင်းချင်း နားလည်မှုတို့ ပိုမိုတိုးမြှင့်နိုင်ရေးအတွက်လည်း အထောက်အကူပြုမည့် ခရီးစဉ်အစီအစဉ်တစ်ရပ်ဖြစ်သည်။