ပြည်တွင်း/ပြည်ပခရီးသွားများ နေ့စဥ် လာရောက်လည် ပတ်နေကြသည့် ကရင်ပြည်နယ်မှ ရသေ့ပျံဂူနှင့် အလဝံအင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာအနီးရှိ ရသေ့ပျံဂူနှင့် အလဝံအင်း သည် ပြည်တွင်း/ပြည်ပခရီးသွားများ နေ့စဥ် လာရောက်လည်ပတ်လျက်ရှိသော ပြည်နယ်၏စိတ်ဝင်စားဖွယ်ကောင်းသည့် ခရီးစဥ်ဒေသတစ်ခုဖြစ်သည်။
အဆိုပါ ခရီးစဥ်ဒေသသည် မြို့ပြရှုပ်ထွေးမှုများနှင့် ကင်းဝေးသော အေးချမ်းသည့်ပတ်ဝန်းကျင်ဒေသတစ်ခုဖြစ်ကာ အလဝံအင်း အတွင်းခရီးသွားများစိတ်အေးချမ်းသာစွာသွားလာလည်ပတ်နိုင်ရေးအတွက် သဘာဝအခြေခံစက်တပ်ဝါးဖောင်ငယ်များကို စီစဥ်ပေးထားသည်။
ယင်း ခရီးစဥ်ဒေသအား ကရင်ပြည် နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သြဂုတ် ၂၂ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ခရီးစဉ်ဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားဧည့်သည်များစိတ်အေးချမ်းသာစွာ အင်းရေပြင်ပေါ်တွင် ဝါးဖောင်ဖြင့်အလည်အပတ်သွားရောက်ဓာတ်ပုံရို-က်ကူးနိုင်ရေး၊ ဒေသထွက်ကုန်၊ အစားအစာနှင့် အမှတ်တရပစ္စည်းရောင်းချသော ဈေးဆိုင်များစနစ်တကျဖြစ်စေရေး၊ အလဝံအင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များနှင့် ဒေသခံများပူးပေါင်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။
ကရင်ပြည်နယ်အတွင်း၌ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်အေးချမ်းသာစွာလာရောက်လည်ပတ်နိုင်ရေးတို့အတွက် ခရီးစဥ်ဒေသအသစ်များကို ထပ်မံဖော်ထုတ်လျက်ရှိသည်။

image