အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေဆိုတာဟာ အခါခါကြည့်ဖူးနေတဲ့ ရုပ်ရှင်ကားဟောင်းတစ်ကားလိုပါပဲလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေဆိုတာဟာ ခဏခဏကြည့်ဖူးနေတဲ့ ရုပ်ရှင်ကားဟောင်းတစ်ကားလိုပဲလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ပြောလိုက်ပြီး၊ ဒီဒဏ်တွေကို ဘယ်လိုကြံ့ကြံ့ခံရမလဲဆိုတာ အီရန်က ကောင်းကောင်းသိတယ်လို့လည်း အသေအချုပြောပါတယ်။
Jamaran သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက "ထရမ့်ပြောနေတဲ့ စီးပွားရေးပိတ်ဆို့မှုတွေဆိုတာ ထပ်ခါတလဲလဲ ဖြစ်နေကျ ဇာတ်လမ်းတစ်ခုပါပဲ၊ အားလုံးနဲ့ ရင်းနှီးပြီးသား အမေရိကန်နိုင်ငံရေးရဲ့ ရိုင်းစိုင်းမှုမျိုးပါပဲ။ အနှစ်ချုပ်ပြောရရင်တော့ ဒါဟာ ကျွန်တော်တို့ အခါခါကြည့်ဖူးပြီးသား ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်" လို့ ပြောခဲ့တာပါ။
အီရန်ဝန်ကြီးရဲ့ အဆိုအရ အမေရိကန်ရဲ့ အီရန်ဆန့်ကျင်ရေး လမ်းစဉ်သစ်ဟာ အရင်ကြိုးပမ်းမှုတွေလိုပဲ ကျရှုံးဖို့ သေချာနေပါတယ်တဲ့။ သူတို့ ဘယ်လောက်တောင် အကြပ်ရိုက်နေလဲဆိုတာကို ဝါရှင်တန်ရဲ့ လုပ်ရပ်တွေက ပြသနေပြီး၊ လက်ရှိအခြေအနေကနေ ထွက်ပေါက်ရဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ "အီရန်ပြည်သူတွေနဲ့ လေးလေးစားစား ဆွေးနွေးတိုင်ပင်တာ" ပဲ ဖြစ်တယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။
အစောပိုင်းတုန်းကတော့ ထရမ့်က အီရန်အပေါ် "အရင်ကမရှိဖူးတဲ့ အတိုင်းအတာမျိုးနဲ့ စီးပွားရေးစစ်ပွဲဆင်နွှဲပြီး အထီးကျန်ဖြစ်အောင် လုပ်မယ်" လို့ ကြေညာခဲ့ပါသေးတယ်။ အီရန်ကို ထောက်ပံ့ပေးတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ လေဆိပ်တွေ ဒါမှမဟုတ် အစိုးရအေဂျင်စီတွေရှိတဲ့ နိုင်ငံတွေအနေနဲ့ ဝါရှင်တန်ဆီကနေ ပြင်းထန်တဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်လို့လည်း အမေရိကန်ခေါင်းဆောင်က သတိပေးခဲ့ပါတယ်။
ဒီလုပ်ရပ်အပြီးမှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်အပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ စီးပွားရေးမူဝါဒကို "စီးပွားရေးအရ အကြမ်းဖက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု" လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ "အမေရိကန်အစိုးရ၊ ပိတ်ဆို့မှုအစီအစဉ်တွေကို ရေးဆွဲခဲ့သူတွေနဲ့ အကောင်အထည်ဖော်နေသူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးရမယ်" လို့လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသေးတယ်။