စစ်ရေးဆက်ဆံမှု မြှင့်တင်ရန် တရုတ်နှင့် အင်ဒိုနီးရှား သဘောတူ

စစ်ရေးဆက်ဆံမှုများ တိုးမြှင့်ရန်နှင့် သတ္တုတွင်းထွက်၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့က သောကြာနေ့တွင် သဘောတူညီခဲ့ကြသည်။
တောင်တရုတ်ပင်လယ်အရေးအပါအဝင် စီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများ ရှိနေချိန်တွင် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေးကို ဟန်ချက်ညီစွာ ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ဂျကာတာခရီးစဉ်အစတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံစလုံးအနေဖြင့် “အချိန်အခါကို အမိအရ ဆုပ်ကိုင်သင့်သည်” ဟု ပြောကြားခဲ့သည်။ ဝမ်ယိနှင့်အတူ တရုတ်ကာကွယ်ရေးဝန်ကြီး တုန်ကျွင်း (Dong Jun) လည်း လိုက်ပါလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
“လက်ရှိ နိုင်ငံတကာအခြေအနေသည် ရှုပ်ထွေးပြီး အပြန်အလှန် ဆက်နွှယ်နေသည်။ တစ်ဖက်သတ်ဝါဒနှင့် ဗိုလ်ကျစိုးမိုးရေးဆန်သည့် လုပ်ရပ်များသည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တည်ငြိမ်ရေးအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိနေသည်” ဟု ဝမ်ယိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြင့်မားသည့် အနေအထားတွင် ဆက်လက်ထားရှိရန် အလေးထားကြောင်းလည်း ၎င်းက ပြောကြားသည်။
နှစ်နိုင်ငံသည် ဉာဏ်ရည်တုနည်းပညာ (AI)၊ ကာကွယ်ရေးနှင့် ရထားပို့ဆောင်ရေးမှအစ အစိမ်းရောင်စွမ်းအင်၊ ဂြိုဟ်တုနည်းပညာနှင့် ငါးလုပ်ငန်းအထိ ကဏ္ဍအများအပြားတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကတိပြုခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံအနေဖြင့် တစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများကို တစ်နိုင်ငံက အပြန်အလှန် ထောက်ခံပံ့ပိုးပေးရန်နှင့် စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရန် သဘောတူခဲ့ကြောင်း ဝမ်ယိက ပြောကြားသည်။
စီးပွားရေးအရွယ်အစား အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံခန့်ရှိသည့် G20 အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝပြီး နီကယ်၊ သံဖြူ၊ ကြေးနီ၊ ရွှေနှင့် ဘောက်ဆိုက် စသည့် သတ္တုတွင်းထွက်များ အမြောက်အမြား ပိုင်ဆိုင်ထားသည်။ ထို့ပြင် စားအုန်းဆီနှင့် ကျောက်မီးသွေး တင်ပို့မှုတွင် ကမ္ဘာ့အဓိက တင်ပို့သည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသည် အဓိကဝယ်ယူသူများအနက် ပါဝင်သည်။

image