ပရိသတ်တွေကို အယ်လ်ဗာရက်ဇ် နှုတ်မဆက်ခဲ့တာဟာ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဆီမြွန်နီ ပြောကြား

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဗီလာရီးယဲလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ပရိသတ်တွေကို နှုတ်မဆက်ခဲ့တာဟာ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်က အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုထားတာကြောင့် အက်သလက်တီကိုပရိသတ်တွေက ဒေါသထွက်နေကြပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အသင်းရဲ့ လေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ အယ်လ်ဗာရက်ဇ်ကို အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အခု ဗီလာရီးယဲလ်နဲ့ပွဲမှာ အယ်လ်ဗာရက်ဇ်ရဲ့အမည် ကြေညာချိန်မှာ အော်ဟစ်လှောင်ပြောင်ခဲ့ကြသလို၊ အယ်လ်ဗာရက်ဇ် လူစားဝင်ကစားချိန်မှာလည်း လှောင်ပြောင်ခဲ့ကြပါတယ်။
ပွဲအပြီးမှာ အယ်လ်ဗာရက်ဇ်က အသင်းဖော်တွေနဲ့အတူ ပရိသတ်တွေကို နှုတ်ဆက်ခြင်းမပြုဘဲ အဝတ်လဲခန်းထဲ ချက်ချင်းဝင်ရောက်သွားခဲ့တာကြောင့် ပရိသတ်တွေက ပိုမိုဒေါသထွက်ခဲ့ကြကြောင်းလည်း သိရပါတယ်။
ဒါကြောင့် ဆီမြွန်နီက အယ်လ်ဗာရက်ဇ်အနေနဲ့ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် အခုလို ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
''အယ်လ်ဗာရက်ဇ်အနေနဲ့ ပွဲကြည့်စင်နဲ့ ပရိသတ်တွေရဲ့အနီးအနားမှာ မရှိသင့်ဘူးလို့ ကလပ်အသင်းက ဆုံးဖြတ်ထားကြောင်း ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ဝေးဝေးနေဖို့နဲ့ အသင်းနဲ့ သီးခြားနေဖို့ ကလပ်အသင်းက ဆုံးဖြတ်ထားတာပါ။ ဒါကြောင့် သူ အဝတ်လဲခန်းထဲကိုပဲ ဝင်သွားခဲ့တာပါ'' လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်နဲ့ ပရိသတ်တွေရဲ့ ဆက်ဆံရေးအခြေအနေက ပိုမိုဆိုးရွားလာခဲ့တာကြောင့် အက်သလက်တီကိုအသင်းအနေနဲ့ မဖြစ်မနေရောင်းထုတ်ရတော့မယ့် အနေအထား ဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။

image