MNL လက်ရှိချန်ပီယံဆုကို ဆက်လက်ကာကွယ်သွားမယ်လို့ ရှမ်းအသင်းနည်းပြ ဦးအောင်ခိုင် ဆို
ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ဖြစ်သူ ဦးအောင်ခိုင်က MNL လက်ရှိချန်ပီယံဆုကို ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်းနဲ့ ယခုရာသီပြိုင်ပွဲမှာ ယခင်နှစ်များကထက် ပိုခက်ခဲမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဦးအောင်ခိုင်က"ရှမ်းယူနိုက်တက်အသင်း ဥက္ကဌအပါအဝင် အသင်းတာဝန်ရှိသူတွေက ကျွန်တော့်ကို ယုံယုံကြည်ကြည် တာဝန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဓိကက လက်ရှိချန်ပီယံဆုကို ဆက်လက်ကာကွယ်သွားဖို့ပါပဲ။ ဒီနှစ်ပြိုင်ပွဲက အရင်နှစ်တွေကထက် ပိုခက်ခဲမယ်လို့ ထင်ပါတယ်။ ဘာကြောင့်ဆိုတော့ အသင်း တွေ အတော်များများက သေချာလေးပြင်ဆင်ထားကြလို့ပါ။ ဒီနှစ်ပြိုင်ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်မှာပါ။ ရတနာပုံ၊ ဟံသာဝတီ၊ ရန်ကုန်စီးတီး အသင်း ၄၊ ၅ သင်းလောက်က သေချာလေး ပြင်ဆင်နေကြပါတယ်" ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ဦးအောင်ခိုင်ကို နည်းပြချုပ်အဖြစ် တာဝန်ပေးခန့်အပ်လိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဦးအောင်ခိုင်ဟာ ယခုရာသီဖြစ်တဲ့ ၂၀၂၆- ၂၀၂၇ ရာသီတွင် ရှမ်းယူနိုက်တက်အသင်းကို ချန်ပီယံဆု ဆက်လက်ထိန်းသိမ်းနိုင်ရန် အဓိကထား ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း သိရပါတယ်။
ဦးအောင်ခိုင်ဟာ မြန်မာဘောလုံးငွေခေတ် လက်ရွေးစင်ဟောင်း ရှေ့တန်းကစားသမားဖြစ်ပြီး ပြည်ပနိုင်ငံများတွင်လည်း ပရော်ဖက်ရှင်နယ်အဖြစ် သွားရောက်ကစားထားခဲ့ဖူးသူဖြစ်ပါတယ်။ ဦးအောင်ခိုင်ဟာ ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြဘဝသို့ ကူးပြောင်းခဲ့ပြီး မြန်မာ ယူ-၁၈၊ မြန်မာယူ-၂၀၊ မြန်မာယူ-၂၁၊ မြန်မာ ယူ-၂၃ အသင်းများကို တာဝန်ယူကိုင်တွယ်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ဦးအောင်ခိုင်ဟာ ချင်းယူနိုက်တက်အသင်းနဲ့ ဧရာဝတီယူနိုက်တက်အသင်းများတွင်လည်း လက်ထောက်နည်းပြ၊ နည်းပြချုပ်များအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ဖူးကြောင်း သိရပါတယ်။ ဦးအောင်ခိုင်ဟာ ရှမ်းယူနိုက်တက်အသင်း မတိုင်မီ နောက်ဆုံးအဖြစ် ပြီးခဲ့တဲ့ရာသီက ISPE အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ကြောင်း သိရပါတယ်။
ဦးအောင်ခိုင်ဟာ ရာသီအကုန်တွင် MNL အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ISPE အသင်းကို အဆင့် (၄) နေရာရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ ယခုရာသီတွင် ပြည်တွင်းပြိုင်ပွဲများသာမက ပြည်ပပြိုင်ပွဲများအဖြစ် AFC Challenge League ပြိုင်ပွဲနဲ့ အာဆီယံကလပ်ချန် ပီယံရှစ်ပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ MNL ပြိုင်ပွဲမှာ (၇) ကြိမ်ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။