ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများအတွက် သီးခြားဥပဒေပြဋ္ဌာန်းရန် အစိုးရအဖွဲ့သို့ တိုက်တွန်းသည့်အဆိုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမဟုတ်သည့် အထပ်မြင့်စုပေါင်းတိုက်ခန်းများအတွက် သီးခြားဥပဒေတစ်ရပ် ရေးဆွဲပေးရန် အစိုးရအဖွဲ့ကို တိုက်တွန်းသည့်အဆိုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြသည်။
အဆိုပါအဆိုကို ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဩဂုတ်လ ၂၀ )ရက် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၅ ဦးက ပါဝင်ထောက်ခံခဲ့ကြသည်။
လက်ရှိတွင် အဆောက်အအုံဆောက်လုပ်ခွင့် (BCC) မရသေးသည့် တိုက်ခန်းများနှင့် စည်းကမ်းမဲ့ဆောက်လုပ်မှုများကို စည်ပင်ဥပဒေဖြင့်သာ ထိန်းချုပ်နေရသဖြင့် အသေးစိတ်ကျသည့် သီးခြားဥပဒေလိုအပ်နေကြောင်း အဆိုရှင်က ထောက်ပြထားသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ ဥပဒေပေါ်ပေါက်လာပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ -ဝယ်ယူသူများ အကာအကွယ်ရရှိခြင်း: ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူရာတွင် တိုက်ခန်းထပ်ရောင်းခံရခြင်းနှင့် သတ်မှတ်ချက်မညီဘဲ ဆောက်လုပ်ခြင်းများမှ အကာအကွယ်ရရှိမည်။
ပိုင်ဆိုင်ခွင့် ရှင်းလင်းလာခြင်း၊ တိုက်ခန်း ပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ အမွေဆက်ခံခြင်းနှင့် ပိုင်ရှင်/မြေရှင် အငြင်းပွားမှုများကို ဥပဒေအတိုင်း တိကျစွာ ဖြေရှင်းနိုင်မည်။
ဘုံဧရိယာ ထိန်းသိမ်းနိုင်ခြင်း: မီးဘေးကာကွယ်ရေးနှင့် ယာဉ်ရပ်နားစခန်းကဲ့သို့ အများသုံးနေရာများကို စီမံခန့်ခွဲမည့် တာဝန်ရှိသူကို ရှင်းလင်းစွာ သတ်မှတ်နိုင်မည်။
အဆိုပါဥပဒေသည် ပြည်သူများ၏ အိမ်ရာပိုင်ဆိုင်မှု လုံခြုံရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြေရှင်၊ ဆောက်လုပ်သူ၊ အခန်းဝယ်ယူသူတို့အကြား ပဋိပက္ခများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မည်ဟု ကိုယ်စားလှယ်များက သုံးသပ်ထားကြသည်။

image