မြဝတီမြို့တွင် ရေကြီးရေလျှံမှုစတင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ညတွင်းချင်းပြောင်းရွှေ့ရသူ(၅၀၀)ဦးကျော်ရှိနေ
သောင်ရင်းမြစ်ရေသည် ကရင်ပြည်နယ်၊ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိလာသဖြင့် သြဂုတ် ၂၀ ရက် ညပိုင်းမှစတင်ကာ မြဝတီမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးကယ် ဆယ်ရေးစခန်းများဖွင့်လှစ်၍ မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းရက်ကွက်များ၌နေထိုင်သူ(၅၀၀)ဦးကျော်အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ညတွင်းချင်းရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
" အကြမ်းဖျဥ်းကောက်ထားတဲ့စာရင်းအရကတော့ သြဂုတ် ၂၁ ရက်(ဒီနေ့)မနက် ၃ နာရီအထိပေါ့ အမှတ်(၄) ရပ်ကွက်က တောရဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ ရေဘေးရှောင်(၃၅၇)ဦးရောက်ရှိနေပါတယ်။ ထပ်ရောက်လာတာတွေလည်းအများကြီးပါ။ စာရင်းတွေလည်း လိုက်ကောက်ဖို့အချိန်မရသေးပါဘူး။ (၅၀၀)ဦးကျော်မှာရှိနေပြီ။ ဆက်လက်ရွှေ့ပြောင်းပေးတာတွေလုပ်နေပါတယ်"မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ သောင်ရင်းမြစ်ရေမြင့်တက်၍ ရေဝင်ရောက်နေသည့် နေအိမ်(၁,၀၀၀)ကျော်ရှိနေပြီး ကရင် ပြည်နယ်လွှတ်တော်ဒု-ဥက္ကဋ္ဌ ဦးအေးမင်းထွေးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးဇလ၏ သြဂုတ် ၂၀ ရက်ည ၇ နာရီထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏စိုးရိမ်ရေ မှတ်အထက် (၁)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး ၂၄ နာရီအတွင်း (၂)ပေခန့်မြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။