ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီများ ထိရောက်စွာရောက်ရှိရေး UN လုပ်ငန်းများကို လွှတ်တော်ဘက်မှ ပူးပေါင်းညှိနှိုင်းမည်
ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီများ ထိရောက်စွာရောက်ရှိစေရေးအတွက် ကုလသမဂ္ဂ (UN) ၏ လုပ်ငန်းများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်ဘက်မှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ကုလသမဂ္ဂတာဝန်ရှိသူတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား ဩဂုတ် ၂၀ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် လူသားချင်းစာနာမှုအကူအညီများ လိုအပ်သည့် ပြည်သူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် UN ၏ လုပ်ငန်းများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်ဘက်မှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ထို့အပြင် UN အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပြည်သူများအတွက် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာစေရေး၊ နှစ်ဖက်အကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရေးတို့ကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။