ရေမီတာ ပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိတဲ့ ရေဆက်သွယ်မှုတွေကို အခြေခံရေသုံးစွဲမှုရဲ့ ခြောက်ဆ ကောက်ခံမယ်

မည်သည့်ရေသုံးစွဲမှု အမျိုးအစားကိုမဆို ရေမီတာပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိတဲ့ ရေဆက်သွယ်မှုတွေကို အခြေခံရေသုံးစွဲမှုရဲ့ ခြောက်ဆ ကောက်ခံသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က မနေ့ ဩဂုတ် ၁၉ ရက်က အသိပေးထားပါတယ်။
ရန်ကုန်မြို့တော်ကို သောက်သုံးရေညီမျှစွာ ဖြန့်ဝေပေးနိုင်ဖို့၊ ရေလေလွင့် ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့၊ ရေသုံးစွဲမှုကို စီမံခန့်ခွဲထိန်းချုပ်နိုင်ဖို့၊ ရေကို မဖြုန်းတီးဘဲ တန်ဖိုးထား ချွေတာသုံးစွဲစေဖို့၊ ရေသုံးစွဲတဲ့ ပမာဏအတိုင်း ပေးဆောင်ရတဲ့၊ တရားမျှတတဲ့ ရေဖိုးရေခ ကောက်ခံမှုစနစ်ဖြစ်စေဖို့ ရည်ရွယ်တာလို့ သိရပါတယ်။
“ရေသုံးစွဲသူ ပြည်သူတွေအနေနဲ့ မိမိသုံးစွဲတဲ့ ရေပမာဏနဲ့ ညီမျှတဲ့ ရေဖိုးရေခကို ပေးဆောင်နိုင်ဖို့အတွက် တပ်ဆင်သုံးစွဲလျက်ရှိတဲ့ ရေမီတာတွေကို ထိန်းသိမ်းစောင့်‌ရှောက်ကြဖို့ လိုပါတယ်။ ရေမီတာ တပ်ဆင်ထားခြင်း မရှိသေးဘူးဆိုရင်လည်း စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ မြို့နယ် ရေ/သန့်ရုံးကို ဆက်သွယ်ပြီး အမြန်ဆုံး တပ်ဆင်ပေးကြဖို့လိုပါတယ်” လို့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က တိုက်တွန်းထားပါတယ်။
ရန်ကုန်မြို့ရဲ့ ရေပေးဝေရေးစနစ် ရေရှည်တည်တံ့စေဖို့ ရည်ရွည်ပြီး နိုင်ငံတကာမှာ ကျင့်သုံး ကောက်ခံနေ‌တဲ့ ရေဖိုးရေခ ကောက်ခံမှုစနစ်တွေဖြစ်တဲ့ Basic Rate (အခြေခံ ရေဖိုးရေခ ကောက်ခံမှုစနစ်) နဲ့ Progressive Water Tariff (သုံးစွဲမှုများလေ၊ နှုန်းထားမြင့်လေစနစ်) တို့ကို ဌာနအနေနဲ့ ကျင့်သုံး ကောက်ခံလျက် ရှိတယ်လို့ ဆိုပါတယ်။
Basic Rate အနေနဲ့ အိမ်သုံး အခြေခံရေသုံးစွဲမှုကို လစဉ် ၁၀ ယူနစ်၊ စီးပွားသုံး အခြေခံရေသုံးစွဲမှုကို လစဉ် ၂၀ ယူနစ်၊ လုပ်ငန်းသုံး/စက်ရုံသုံး အခြေခံရေသုံးစွဲမှုကို လစဉ် ၃၀ ယူနစ် ကောက်ခံသွားမှာဖြစ်ပြီး အဲဒီ အခြေခံရေသုံးစွဲမှု ပမာဏဟာ ရေသုံးစွဲသူပြည်သူတွေ မဖြစ်မနေ ပေးဆောင်ရမယ့် အနည်းဆုံးပမာဏလို့ ဆိုပါတယ်။
ရေဖိုးရေခ နှုန်းထားအနေနဲ့ နိုင်ငံသား (အိမ်သုံး) အတွက် တယူနစ် ၃၃၀ ကျပ်နှုန်း၊ နိုင်ငံသား (စီးပွားသုံး) အတွက် တယူနစ် ၅၅၀ ကျပ်နှုန်း၊ နိုင်ငံသား (လုပ်ငန်းသုံး/ စက်ရုံသုံး) အတွက် တယူနစ် ၆၆၀ ကျပ်နှုန်း၊ နိုင်ငံခြားသား (အိမ်သုံး) အတွက် တယူနစ် ၈၈၀ ကျပ်နှုန်း၊ နိုင်ငံခြားသား (စီးပွားသုံး) အတွက် တယူနစ် ၁၁၀၀ ကျပ်နှုန်း၊ နိုင်ငံခြားသား (လုပ်ငန်းသုံး/ စက်ရုံသုံး) အတွက် တယူနစ် ၁၃၂၀ ကျပ်နှုန်းနဲ့ အသီးသီး သတ်မှတ် ကောက်ခံသွားမယ်လို့ သိရပါတယ်။

image