အသက် ၄၆ နှစ်အရွယ်တွင် ဘောလုံးလောကတွင် ပြန်ခြေချလာကာ ၃၀၀ မြောက်ဂိုးအား သွင်းယူနိုင်ရန် ရော်နယ်ဒင်ဟို မျှော်လင့်နေ
======================
ဘရာဇီဂန္ထဝင်ရော်နယ်ဒင်ဟိုက အသက် ၄၆ နှစ်အရွယ်တွင် အီတလီတတိယတန်းကလပ် ရီဗန်နာသို့ ပြောင်းရွှေ့လာပြီးနောက် ကစားသမားဘဝ ၃၀၀ မြောက်ဂိုးအား သွင်းယူနိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားလာပါတယ်။
၂၀၁၅ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့တဲ့ ပီအက်စ်ဂျီ၊ ဘာစီလိုနာနှင့် အေစီမီလန်ဂန္ထဝင်ကစားသမားဟာ "Ronaldinho Day" ခေါင်းစဉ်ဖြင့် မိတ်ဆက်ပွဲ ကျင်းပလာခဲ့ပြီး ထောင်ပေါင်းများစွာသောပရိသတ်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
စီးရီးစီကလပ်ရဲ့ ရှယ်ယာရှင်တစ်ဦး ဖြစ်လာတဲ့ ရော်နယ်ဒင်ဟိုက "သူငယ်ချင်းတွေနဲ့အတူ လာရောက်ခွင့်ရလို့ အရမ်းပျော်တယ်။ ကျွန်တော်တို့မှာ ကောင်းတာ တခုခု လုပ်ပြနိုင်တဲ့အသင်းတစ်သင်း ပိုင်ဆိုင်ထားပြီ။ ကျုပ်ကစားတာ မြင်ရမလား။ မသိပါဘူး။ နည်းပြပဲ သိပါလိမ့်မယ်။ အီတလီဘောလုံးလောကသို့ ပြန်လာခွင့်ရတာ အရမ်းအံ့ဩစရာကောင်းတယ်။ အသင်းဖော်တွေ အနိုင်ရအောင် ကူညီဖို့ ရောက်လာတာပါ။ ကျွန်တော့်ပုံစံ အကောင်းဆုံးဖြစ်နေတာ အားလုံးလည်း မြင်ကြမှာပါ။ ၃၀၀ မြောက်ဂိုးကို သွင်းနိုင်ရင်တော့ အရမ်းကို လှပလာမှာပါ"လို့ ပြောကြားသွားပါတယ်။
ရော်နယ်ဒင်ဟိုဟာ ဘရာဇီးကလပ် ဖလူးမီးနက်စ်အတွက် နောက်ဆုံးပရော်ဖက်ရှင်နယ်ပွဲ ကစားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ဘရာဇီးနှင့်အတူ ၂၀၀၂ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သလို ၂၀၀၅ ခုနှစ် Ballon d'Or ဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။
ရော်နယ်ဒင်ဟို ပြန်လာမယ့်အကြောင်းကို ၂၀၂၄ ခုနှစ်ကတည်းက ကလပ်ကို ပိုင်ဆိုင်လာခဲ့တဲ့ အမေရိကန်-အီတလီစီးပွားရေးလုပ်ငန်းရှင် အိုင်ဂနာဇီယိုစီပရီယာနီက ကြေညာခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုဟာ တနင်္လာနေ့ ရက်ဂျီယာနာနှင့် ရင်ဆိုင် ကစားရမယ့် စီးရီးစီ အဖွင့်ပွဲစဉ်တွင် ပါဝင်လာဦးမှာ မဟုတ်ပါဘူး။
ရီဗန်နာဟာ ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးစီ အုပ်စု(ဘီ)တွင် အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ ၂၀၀၈ ခုနှစ်ကတည်းက စီးရီးဘီသို့ တက်လှမ်းလာနိုင်ခဲ့ခြင်း မရှိပါဘူး။