တန်းတက် ချင်းလန့်အသင်း ပြည်ပကစားသမား (၇) ဦးအထိ ခေါ်ယူထား

ပြီးခဲ့တဲ့ရာသီက MNL-2 (ပထမတန်း) ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး ယခုရာသီ MNL ပြိုင်ပွဲဆီ တန်းတက်ကစားခွင့်ရထားတဲ့ ချင်းလန့်အသင်းဟာ ပြည်ပကစားသမား (၇) ဦးအထိ ခေါ်ယူထားကြောင်း သိရပါတယ်။
ချင်းလန့်အသင်းဟာ ဘာကီနာဖာဆိုနောက်ခံလူ ဘာဂါယာ၊ ကင်မရွန်းနောက်ခံလူ ဂျင်ဂီ၊ ဘီနင်ကွင်းလယ်လူ မားစ်၊ ဂါနာကွင်းလယ်လူ သောမတ်စ်၊ ဂါနာတိုက်စစ်မှူး ဖိလစ်၊ ဂီနီတိုက်စစ်မှူးဆယ်လပ်စ်နဲ့ ဆယ်ဖာတို့ကို ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။
ယင်းကစားသမား (၇) ဦးထဲက ဂါနာကွင်းလယ်လူ သောမတ်စ်နဲ့ တိုက်စစ်မှူးဖိလစ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ချင်းလန့်အသင်းမှာ ကစားခဲ့သူများဖြစ်ပြီး သက်တမ်းတိုးစာချုပ် ချပ်ဆိုထားတာဖြစ်ပါတယ်။
ချင်းလန့်အသင်းဟာ ပြီးခဲ့တဲ့ရာသီ MNL-2 (ပထမတန်း) ပြိုင်ပွဲမှာ (၁၄) ပွဲကစား၊ (၁၀) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ် (၃၂) မှတ်နဲ့ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။
ချင်းလန့်အသင်းဟာ လက်ရှိမှာ ရာသီကြိုခြေစမ်းပွဲများ ဆက်တိုက်ကစားနေလျက်ရှိပြီး ယနေ့မနက်ပိုင်းက MFF ကွင်း (၁) မှာ စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ ခြေစမ်းကစားခဲ့ပြီး (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

image