ရန်ကုန်မြို့၌ သိုလှောင်ရုံဆောက်ရန် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသံအမတ်ကြီး MoU လက်မှတ်ရေးထိုး
အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်မြို့တွင် သိုလှောင်ရုံဆောက်လုပ်မည့် အသေးစား ဖွံ့ဖြိုးမှုစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဩဂုတ် ၁၈ ရက် ညနေပိုင်းက နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ တက်ရောက်၍ အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်း နှင့် အိန္ဒိယသံအမတ်ကြီးတို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
ယင်းစီမံကိန်းအရ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတွင် ပေ (၁၃၀ x ၃၀ x ၂၄) ရှိ RC နှစ်ထပ် သိုလှောင်ရုံကို တည်ဆောက်သွားမည် ဖြစ်သည်။
အဆိုပါ သိုလှောင်ရုံ တည်ဆောက်ပြီးစီးပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများအတွက် အရေးပေါ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို စနစ်တကျ သိုလှောင်ထားရှိနိုင်မည်ဖြစ်ပြီး လိုအပ်ချက်ရှိပါက အချိန်နှင့်တစ်ပြေးညီ မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။