ဧရာဝတီ၊ စစ်တောင်း၊ ငဝန်မြစ်နှင့် တိုးမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနေ၊ မအူပင်တွင် ဒီရေကြောင့် ရေမှတ်ကျော်လွန်နိုင်၍ ရေဘေးလွတ်ရာ ရှောင်ရှားရန် သတိပေး
မြန်မာနိုင်ငံအတွင်းရှိ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်ရေများသည် မြို့အချို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေပြီး မအူပင်မြို့တွင်လည်း ဒီရေမြင့်တက်ချိန်၌ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဩဂုတ် ၁၉ ရက်) နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၄ လက်မခန့် ကျော်လွန်နေပြီး နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်သော်လည်း ဟင်္သာတမြို့တွင် ၁ ပေခန့်နှင့် ဇလွန်မြို့တွင် ၁ ပေ ၁ လက်မခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေကာ နောက် ၁ ရက်အတွင်း ၆ လက်မခန့်စီ ပြန်ကျလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်၌ပင် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေ ၁၁ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁ လက်မခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် ၅ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၂ လက်မခန့် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်၌ပင် ဆက်လက်ရှိနေမည်ဖြစ်သည်။
ထို့ပြင် တိုးမြစ်ရေသည် မအူပင်မြို့တွင် စိုးရိမ်ရေမှတ်အောက် ၂ လက်မခန့်အလိုသို့ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ဒီရေမြင့်တက်ချိန်၌ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်အထိ ကျော်လွန်ရောက်ရှိလာနိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ဆိပ်သာမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် ဟင်္သာတ၊ ဇလွန်၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားကြရန် သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားသည်။