မြန်မာနိုင်ငံတွင် အဏုမြူဓာတ်အားပေးစက်ရုံတည် ဆောက်ရေးစီမံကိန်းသည် မြန်မာ-ရုရှားနှစ်နိုင်ငံအတွက် အဓိကစီမံကိန်းဖြစ်ဟုရုရှားနိုင်ငံသမ္မတပြော
မြန်မာနိုင်ငံတွင် အဏုမြူဓာတ်အားပေးစက်ရုံတည် ဆောက်ရေးစီမံကိန်းသည် မြန်မာ-ရုရှားနှစ်နိုင်ငံအတွက် အဓိကစီမံကိန်းဖြစ်သည်ဟု ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က သြဂုတ် ၁၈ ရက်တွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကရင်မလင်နန်းတော်၌တွေ့ဆုံဆွေးနွေးပြီးနောက် မီဒီယာများအားပြောကြားခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်က မြန်မာနိုင်ငံတွင် အဏုမြူဓာတ်အားပေးစက်ရုံတည်ဆောက်ရန်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ရာ ယင်း စီမံကိန်းသည် နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းဖြစ်ပြီး စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးစီမံကိန်းအများအပြားဆောင်ရွက်ရန်အလားအလာရှိကာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံများတည်ဆောက်နေသည်ဟု ပြော သည်
ထို့ပြင် ရုရှား-မြန်မာဆက်ဆံရေးတိုးတက်ခိုင်မာလျက်ရှိကာ နှစ်နိုင်ငံအစိုးရအချင်းချင်းဆက်သွယ်မှုများစွာရှိပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအချင်းချင်း စနစ်တကျဆက်သွယ်ဆက်ဆံမှုများဆောင်ရွက်နေကာ လုံခြုံရေးကောင်စီကြား၊ ပါလီမန်များကြား၊ ပါတီများကြားတွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီမံကိန်းများစွာကိုလည်းအကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ပြောသည်။
ထို့ပြင် ရုရှား-မြန်မာ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ ဌာနများအချင်းချင်းကြား သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ကာ စီးပွားရေးဆိုင်ရာများကို အလေးထားဆောင်ရွက်မည်ဖြစ်ပြီး နှစ်နိုင်ငံကြားတွင် ယုံ ကြည်မှုရှိသော ခိုင်မာသည့်ငွေပေးချေမှုစနစ်ရှိသည်ဟု ပြောသည်။
" နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ စွမ်းအင်ကဏ္ဍက အရေးကြီးတဲ့ကဏ္ဍဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံ စီမံကိန်းတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိပါတယ်။ မြန်မာနိုင်ငံကို ရုရှားက LNG တင်ပို့ဖို့အလားအလာများစွာရှိပါတယ်။ အဲ့ဒီ LNG ကို ပြည်တွင်းအသုံးပြုရေးအပါအဝင် တစ်ခြားနိုင်ငံတွေကိုလည်းတင်ပို့လို့ရပါတယ်"ဟု ရုရှားနိုင်ငံသမ္မတက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ(တောင်ဘက်ပိုင်း)တွင် ရေနက်ဆိပ် ကမ်းတည်ဆောက်မှုစီမံကိန်း၊ High-Tech နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရန်တို့ကိုဆွေးနွေးလျက်ရှိကာ မြန်မာနိုင်ငံ၏ Digital နယ်ပယ်၊ Cyber Security နယ် ပယ်၊ High-Tech နယ်ပယ်တို့၌ ရင်းနှီးမြှုပ်နှံနိုင်ရန် ရုရှားကုမ္ပဏီများအဆိုပြုချက် အစီအစဉ်အများအပြားရှိသည်ဟု ရုရှားနိုင်ငံသမ္မတက ပြောကြားခဲ့သည်။