ဘာစီလိုနာအသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ရိုဒရီ ရောက်ရှိလာ
မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ဘာစီလိုနာအသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ယမန်နေ့က ရောက်ရှိလာခဲ့ပါတယ်။
ရိုဒရီက ဘာစီလိုနာအသင်းမှာကစားဖို့ သူ့ရဲ့အိပ်မက်တစ်ခုလို့ ပြောခဲ့ပါတယ်။
ရိုဒရီ(၃၀ နှစ်)ဟာ လာလီဂါချန်ပီယံကလပ်နဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာပါ။
ဘာစီလိုနာအနေနဲ့ ရိုဒရီရဲ့ပြောင်းရွှေ့ကြေးအတွက် ပေါင် ၆၅ သန်းဝန်းကျင် ကုန်ကျမှာဖြစ်တယ်။
ရိုဒရီက ''ဒီကိုရောက်လာလို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတော့ အပြင်းအထန်လုပ်ခဲ့ရတယ်။ ဒါပေမဲ့ အရာအားလုံး အဆင်ပြေသွားလို့ ဝမ်းသာပါတယ်။ တကယ်တော့ ဘာစီလိုနာအသင်းမှာ
ကစားဖို့ဆိုတာ အိပ်မက်တစ်ခုပါပဲ။ ကျွန်တော့်အသင်းဖော်တွေနဲ့ တွေ့ဖို့ မစောင့်နိုင်တော့ပါဘူး။ သူတို့ထဲက အများစုကိုတော့ နိုင်ငံလက်ရွေးစင်အသင်းမှာကတည်းက သိထားပြီးသားပါ။ အခုက အလုပ်စလုပ်ဖို့နဲ့ ကျွန်တော့်အကောင်း
ဆုံးတွေ ပေးဆပ်ရမယ့်အချိန်ပါပဲ''လို့ ပြောခဲ့ပါတယ်။
ရိုဒရီက ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအားလုံး ရယူသွားလိုတယ်လို့ ကြုံးဝါးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် Ballon d'Or ဆုရှင်ဟာ ၂၀၁၉ ခုနှစ်က အက်သလက်တီကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ ၂၉၈ ပွဲ ကစားပေးခဲ့ပါတယ်။
မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ် တစ်ကြိမ်၊ ပရီးမီးယားလိဂ် လေးကြိမ်အပါအဝင် ဆုဖလား ၁၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၎င်းဟာ ၂၀၂၄-၂၅ ရာသီမှာ ဒူးဒဏ်ရာရခဲ့လို့ တစ်ရာသီလုံးနီးပါး အနားယူခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာလည်း တံကောက်ကြောဒဏ်ရာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သူ့ရဲ့အကောင်းဆုံးပုံစံ ပြန်ရခဲ့ကာ စပိန်အသင်းမှာ ကမ္ဘာ့ချန်ပီယံပြန်ဖြစ်ဖို့ အဓိကကူညီပေးခဲ့ကာ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။