ဗဟိုနောက်ခံလူဗန်ဒီဗန်ကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလာတဲ့ စပါးစ်
==================
စပါးစ်နောက်ခံလူမစ်ကီဗန်ဒီဗန်ဟာ ကလပ်နှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီးနောက် ကလပ်မှာ ဘယ်ကို သွားချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
နယ်သာလန်လက်ရွေးစင်ဟာ ၂၀၂၃ ခုနှစ်တွင် ဝုဖ်ဘတ်မှ ပြောင်းလာသူ ဖြစ်ပြီး ယခင်စာချုပ်မှာ ၂၀၂၉ ခုနှစ်တွင် ကုန်ဆုံးပါမယ်။
ဒါပေမယ့် ဗန်ဒီဗန်ဟာ မတ်လတုန်းက ရောဘတ်တိုဒီဇာဘီအား နည်းပြသစ်အဖြစ် မခန့်အပ်မီ အသင်းပြောင်းရေး အလေးအနက်ထား စဉ်းစားခဲ့ပေမယ့်လည်း ယခုအခါမှာတော့ ကလပ်တွင် ကာလရှည်ကြာ ကစားရန် ဆုံးဖြတ်လာပြီ ဖြစ်ပါတယ်။
ဗန်ဒီဗန်ဟာ ၂၀၂၅ ခုနှစ်တုန်းက စပါးစ်နှင့်အတူ ယူရိုပါလိဂ်ဖလား ရရှိခဲ့ဖူးသူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ရာသီသိမ်းပွဲ ၆ ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
ဗန်ဒီဗန်က "စပါးစ်ကို ပထမနေ့ ဒီကို ခြေလှမ်းစလှမ်းကတည်းက ချစ်တယ်။ အမြဲချစ်တယ်။ ဒီကလပ်ကို ချစ်တယ်။ ပရိသတ်တွေကို ချစ်တယ်။ ဒီမှာလည်း အများကြီး တိုးတက်လာတယ်။ ကလပ်ဘယ်ကို သွားချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်နေပြီ။ ကျွန်တော်လည်း အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါချင်တယ်။ အနာဂတ်အတွက် စိတ်လှုပ်ရှားနေတယ်"လို့ ပြောကြားသွားပါတယ်။
စပါးစ်ဟာ ယခုနွေရာသီတွင် နယူးကာဆယ်မှ အီတလီကွင်းလယ်လူဆန်ဒရိုတိုနာလီအား ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူမှုအပါအဝင် အပြောင်းအရွှေ့စရိတ် ပေါင် ၂၃၇ သန်းအထိ အသုံးပြုကာ ကစားသမားသစ် ခေါ်ယူအားဖြည့်ထားပါတယ်။
တဖက်တွင် စပါးစ်ဟာ ကွင်းလယ်ဖန်တီးရှင်ဂျိမ်းစ်မက်ဒီဆင်ရဲ့ ကြံ့ခိုင်မှု အခြေအနေအပေါ် စိုးရိမ်နေရတယ်လို့ သတင်းထွက်နေပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ၂၀၂၅-၂၆ တစ်ရာသီလုံးနီးပါး အနားယူခဲ့ရပြီးနောက် မေလ ၁၁ ရက်နေ့ လိဒ်နှင့်ပွဲတွင် စတင်ပြန်ကစားနိင်ခဲ့သလို ချဲလ်ဆီး၊ အဲဗာတန်တိ့နှင့်ပွဲတွင်လည်း အရန်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။
သူဟာ စပါးစ်ရဲ့ ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမယ့် ဂျိမ်းစ်မက်ဒီဆင်ကမူ ဒဏ်ရာသစ်ပြဿနာ လုံးဝ မရှိကြောင်း ငြင်းဆိုထားပါတယ်။