ယူနိုက်တက်တွင် ဖာဂူဆန်ရဲ့နေရာကို ဆက်ခံရန် သဘောတူညီမှု ရရှိခဲ့ကြောင်း မော်ရင်ဟို ဖွင့်ဟလာ
====================

နှစ်ပေါင်းများစွာ ကောဟာလဟသတင်းများ ထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာတော့ ဂျိုဆေးမော်ရင်ဟိုက ၂၀၁၃ ခုနှစ်တွင် ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ယူနိုက်တက်နည်းပြရာထူးအား လက်ခံရန် သဘောတူညီခဲ့ကြောင်း ဝန်ခံလာပါတယ်။
ဒါပေမယ့် ပေါ်တူဂီဂန္ထဝင်နည်းပြဟာ ချက်ချင်းပင် စိတ်ပြောင်းကာ အသင်းဟောင်း ချဲလ်ဆီးကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ရန် ဆုံးဖြတ်သွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အား ဒုတိယအကြိမ်မြောက် ကိုင်တွယ်လာခဲ့တဲ့ မော်ရင်ဟိုက Netflix က ထုတ်လွှင့်တဲ့ သူ့ဘဝအကြောင်း မှတ်တမ်းရုပ်ရှင်တွင် "ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာလာတော့ ဆာအဲလက်စ် နေရာမှာ အစားထိုးဖို့ မန်ချက်စတာယူနိုက်တက်နဲ့စာချုပ်ချုပ်ဖို့ လုပ်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
အိုးထရက်ဖို့ဒ်တွင် ၂၆ နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ် ဆွတ်ခူးကာ ၂၀၁၃ ခုနှစ်တွင် အနားယူခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ကလည်း "ဟုတ်ပါတယ်။ သူ့ကို ဒီအလုပ်တွင် ကမ်းလှမ်းခဲ့တယ်"လို့ အတည်ပြုသွားပါတယ်။
"သူနဲ့ ထိုင်ပြီး ဆွေးနွေးတယ်။ အခြေအနေကို ရှင်းပြတယ်။ ကျွန်တော် စိုးရိမ်နေခဲ့တယ်ဆိုပေမယ့် သူ လက်ခံခဲ့တယ်။ နောက်တော့ နာရီအနည်းငယ်အတွင်းမှာပဲ အားလုံး ပြောင်းလဲသွားခဲ့တယ်"လို့ ၎င်းက ထပ်လောင်း ပြောကြားသွားပါတယ်။
မော်ရင်ဟိုဟာ ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်တုန်းက ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်ဆက် ဆွတ်ခူးခဲ့တဲ့ ချဲလ်ဆီးအား ဒုတိယအကြိမ်ကိုင်တွယ်နိုင်မယ့် အခွင့်အရေးကို မပယ်ချသင့်လို့ ယူဆကာ ယူနိုက်တက်နည်းပြရာထူးအား ရယူလုနီးပါး ဖြစ်ပြီးမှ ငြင်းပယ်ခဲ့တာပါ။
ဆက်လက်ပြီး ယူနိုက်တက်ဂန္ထဝင်နည်းပြဆာအဲလက်စ်က "တစ်ညမှာ သူ ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ ပြီးတော့ သူက 'အဲလက်စ်၊ ဒါတော့ ဒါအလုပ်ကို လက်မခံ ဖြစ်တော့ဘူး။ ချဲလ်ဆီးကို ကတိပေးလိုက်ပြီ။ ပြီးတော့ ကတိဖျက်မှာ မဟုတ်ဘူး'လို့ ပြောလာတယ်။ သူပေးလာတဲ့ အကြောင်းပြချက်အပေါ် ကျွန်တော် နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော် စိတ်ပျက်ခဲ့ရတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် မော်ရင်ဟိုက မန်ချက်စတာယူနိုက်တက်မှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ဆွဲဆောင်မှု ရှိနေတာကြောင့် ဖာဂူဆန်နေရာကို ဆက်ခံဖို့ ကမ်းလှမ်းမှုအပေါ် အရမ်း ဂုဏ်ယူခဲ့ရပါတယ်။
ပေါ်တို၊ အင်တာမီလန်၊ စပါးစ်နှင့် ရိုမားတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ဟိုက "အဓိကအကြောင်းရင်းကတော့ ဘောလုံးကို ချစ်ခြင်းအတွက်ပါ။ နောက်တစ်ခုက ကလပ်တစ်ခုအပေါ်ထားတဲ့ ချစ်ခြင်းအတွက်ပါ။ ဒါက ဘောလုံးအပေါ် ထားတဲ့ ချစ်ခြင်းထက် အရေးကြီးတယ်လို့ ထင်တယ်။ အခြေခံအားဖြင့် ပြောရရင်တော့ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ ချစ်ခြင်းခံရဖို့ လိုအပ်နေတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော့်အတွက် ဆာအဲလက်စ်ဖာဂူဆန်ရဲ့နေရာကို ဆက်ခံနိုင်မယ့် အခွင့်အရေး ဆုံးရှုံးရမှုက ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဒါပေမယ့် နှလုံးသားနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်လို့ နောင်တမရပါဘူး"လို့ ပြောကြားသွားပါတယ်။
မော်ရင်ဟိုဟာ ၂၀၁၃ ခုနှစ်မှာ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ဒုတိယအကြိမ်မြောက် ပြန်ရောက်လာချိန်မှာ ပရီးမီးယားလိဂ်ဖလားနှင့် လိဂ်ဖလားတို့ ထပ်မံ ရယူနိုင်ခဲ့ပါတယ်။

image