ဘောလုံးပွဲတစ်ပွဲ မတိုင်မီ ပူတင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ အကြီးမားဆုံးကွင်းများထဲမှ တစ်ကွင်း ခေါင်းမိုးပျက်စီးပြီး လူ ၂ ဦး ဒဏ်ရာရရှိ
====================
ယူကရိန်းရဲ့အကြီးမားဆုံးကွင်းထဲမှ တစ်ကွင်းဟာ အဆင့်မြင့်တန်းပွဲတစ်ပွဲမတိုင်မီ ပူတင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုနှင့် ကြုံခဲ့ရပါတယ်။
ရုရှားဟာ သောကြာနေ့တုန်းက ညနေ ၃ နာရီဝန်းကျင်အချိန်တွင် အိုဒက်စ်ဆာရဲ့ Chornomorets Stadium အား ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ယင်းကွင်းမှာ ယူကရိန်းတောင်ပိုင်းတွင် အကြီးမားဆုံးကွင်းလည်း ဖြစ်ပါတယ်။
ယင်းကွင်းမှာ ပရိသတ် ၃၄၀၀၀ ကျော် ဝင်ဆန့်ပြီး Chornomorets Odessaနှင့် Seasters တို့က အိမ်ကွင်းအဖြစ် အသုံးပြုနေတဲ့ ကွင်း ဖြစ်ပါတယ်။
Chornomorets Stadium ကွင်းတွင် ယနေ့ စနေနေ့မှာ Chornomorets နှင့် Kolos တို့ ကစားရန် စီစဉ်ထားခဲ့တာ ဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပွဲကို ရွှေ့ဆိုင်းလာရဖို့ ရှိနေပါတယ်။
Chornomorets Stadium ကွင်းအား တိုက်ခိုက်ခံရတဲ့အကြောင်းကို ယူကရိန်းနိုင်ငံရေးသမားအိုလက်ဆီဟွန်ချာရန်ကိုက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်တွင် ပထမဆုံး ပို့စ်တင်လာတာ ဖြစ်ပြီး ကွင်းအား ထိခိုက်ထားတဲ့ ဓာတ်ပုံများကိုလည်း တင်ထားပါတယ်။
ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွင်းပတ်ပတ်လည်တွင် ကာရန်ထားတဲ့ မှန်များ ကွဲခဲ့သလို ပွဲကြည့်စင်လည်း ထိခိုက်ခဲ့ကာ ခေါင်းမိုးလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့တာ တွေ့ရပါတယ်။
ယင်းတိုက်ခိုက်မှုကြောင့် အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများမှာ ကွင်းဝန်ထမ်းများ ဖြစ်နိုင်ခြေများနေပါတယ်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွင်းရဲ့ ခြောက်သွေ့နေတဲ့ မြက်ခင်းကိုလည်း ထိခိုက်မှု ရှိပေမဲ့လည်း အလျှင်အမြန်ပင် ကာကွယ်နိုင်ခဲ့ပါတယ်။
Chornomorets Stadium ကွင်းမှာ အိုဒက်စ်ဆာရဲ့ သမိုင်းဝင် ရှက်ဗ်ချင်ကိုပန်းခြံတွင် တည်ရှိပြီး ယူကရိန်းပရီးမီးယားလိဂ်ပွဲစဉ်များအား ပုံမှန်လက်ခံကျင်းပလာတဲ့ ကွင်းလည်း ဖြစ်ပါတယ်။