နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌက လာရောက်ဂါရဝပြုတွေ့ဆုံ
မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှကူညီပေးသွားမည်ဟု ပြော
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယနေ့ သြဂုတ် ၁၀ ရက်မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ရုံးတော် ဧည့်ခန်းမ၌လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံရှိနည်းပညာတက္ကသိုလ်များတွင် ငလျင်ဘေးဒဏ်ခံနိုင်သည့် အဆောက်အဦးများဆောက်လုပ်ခြင်းဆိုင်ရာဘာသာရပ်များသင်ကြားပို့ချပေးနိုင်ရေး နိပွန်ဖောင်ဒေးရှင်းမှကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြသည်။