ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းတွင် စက်ရုံလည်ပတ်နေမှု အခြေအနေများ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီးအတွင်းရှိရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း တွင် လုပ်ငန်းများဆောင်ရွက်ထားမှု၊ စက်ရုံများလည်ပတ်နေမှုအခြေအနေ နှင့် လမ်းတည်ဆောက်ရေး လုပ်ငန်းများအား ရတနာပုံဆိုက်ဘာ စီးတီး စီမံကိန်း ကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၁၀ရက်၊ နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွင်း သစ်ပင်စိုက်ပျိုးထားရှိမှု၊ စက်ရုံများ လည်ပတ်နေမှု၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ရေပေးဝေရေး စနစ်များ ဆောင်ရွက်ထားရှိမှု၊ စက်မှုမြေကွက်များအတွင်း လမ်းအသစ်ဖောက်လုပ်မည့် အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းအတွင်းရှိ CMP စနစ်ဖြင့် ကင်မရာနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နေသည့် Burst Transmission Co.,Ltd စက်ရုံတို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါ စက်ရုံသည် ဝန်ထမ်းအင်အား ကျား ၂၃၂ ဦး၊ မ ၂၈၅၄ ဦး၊ စုစုပေါင်း ၃၀၈၆ ဦး ဖြင့် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက် လျက်ရှိပြီး ကုန်ချောပစ္စည်းများကို နိုင်ငံခြားသို့တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
ယင်းနောက် စီမံကိန်း အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းများဆောင်ရွက် ခြင်းမပြုရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင် ဖွဲ့စည်းထားသည့် ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့ဝင်များနေဖြင့်လည်း ကျရာကဏ္ဍများတွင် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။