ကျောင်းတွင်း အာဟာရကျွေးမွေးရေးအတွက် ကျပ် ၂.၈၂ ဘီလီယံ ခွဲဝေ၊ ရှေ့ဆက်၍လည်း တိုးမြှင့်ပေးသွားမည်

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြင့်လာရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ကျောင်းတွင်း အာဟာရကျွေးမွေးရေး လုပ်ငန်းများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ရန်ပုံငွေကျပ် (၃) ဘီလီယံနီးပါးကို ပထမအကြိမ် ခွဲဝေချထားပေးခဲ့ကာ ရှေ့ဆက်၍လည်း ဆက်လက်တိုးမြှင့် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (ဩဂုတ် ၁၀ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ ကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ် အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြင့်လာရေး ဆောင်ရွက်ရာ၌ အရွယ်မတိုင်မီ သေဆုံးမှုများကို လျှော့ချနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများကို စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ကျောင်းနေစဉ် အရွယ်မှစ၍ လေ့ကျင့်သင်ကြားပေးမှသာ ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်သည့်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များကို ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ကလေးအရွယ်မှစ၍ ဘဝတစ်သက်တာတွင် အစာအုပ်စု (၅) မျိုး ပါဝင်အောင် စုံလင်စွာ စားသောက်တတ်သည့် အလေ့အကျင့်ကောင်းများအပြင် မိသားစုများပါ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝမျှတသော အစားအသောက်များ စားသုံးတတ်သည့် အလေ့အထများကို ရရှိကျင့်သုံးကြရန် လိုအပ်သည်ဟု ဆိုသည်။
"KG ကျောင်းသား/သူတွေအတွက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနဲ့ အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ကြောင့် ကျောင်းတွင်း အာဟာရကျွေးမွေးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ ခွင့်ပြုရန်ပုံငွေများ ခွဲဝေချထားပေးလျက်ရှိရာ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ရန်ပုံငွေကျပ် (၂ ဒသမ ၈၂) ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားပေးခဲ့ပြီး နောက်ပိုင်းတွင်လည်း ဆက်လက်တိုးမြှင့် ချထားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

image