ဆော်ဒီရှိ ဆိုဖာစက်ရုံမီးလောင်၊ ဘင်္ဂလားဒေ့ရှ်လုပ်သား ၁၆ ဦး သေဆုံး

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်ရှိ ဆိုဖာထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် မီးလောင်၍ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမား ၁၆ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိများက တနင်္လာနေ့တွင် ပြောကြားခဲ့ရာ သေဆုံးသူများကို အမည်နာမ ဖော်ထုတ်၍ ရုပ်အလောင်းများကို နေရပ်ပြန်သယ်ရေးကို အမြန်ဆောင်ရွက်‌စေသည်။
တနင်္ဂနွေနေ့က ရီယတ်မြို့ Musa Sanaiya စက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း ဆော်ဒီမီးသတ်ဌာနကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ပရောက်နိုင်ငံသားများ သက်သာချောင်ချိရေးနှင့် ပြည်ပအလုပ်အကိုင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သေဆုံးရမှုများအပေါ် ထိတ်လန့် ဝမ်းနည်းရကြောင်း ပြည်ပရောက်နိုင်ငံသားများ သက်သာချောင်ချိရေးနှင့် ပြည်ပအလုပ်အကိုင်ဝန်ကြီး အေရီဖူလ် ဟာကွေး ချောင်ဒူရီက ထုတ်ဖော်ပြောကြားခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်သယ်ယူရန်နှင့် မိသားစုများကို အကူအညီနှင့် လျော်ကြေးပေးအပ်ရန် အရာရှိသူများကို ညွှန်ကြားခဲ့သည်။
“ရပ်ဝေးမြေ ဆော်ဒီအာရေဗျမှာ အသက်မွေးဝမ်းကျောင်းလုပ်နေရတဲ့ ပြည်ပရောက်နိုင်ငံသားတွေ ဒီလိုမျိုး အချိန်မတန်ခင် အဖြစ်ဆိုးစွာသေဆုံးကြရတာ အင်မန်ကြေကွဲစရာပါ။ တိုင်းပြည်စီးပွားရေးအပေါ် သူတို့ရဲ့ ပံ့ပိုးကူညီမှုက အရမ်းကြီးပါတယ်” ဟု ချောင်ဒူရီက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ရီယာ့ဒ်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးသည် အခင်းဖြစ်ပွားရာနေရာရှိ ဆော်ဒီအာဏာပိုင်များ၊ အရာရှိများနှင့် ၂၄ နာရီပတ်လုံး ဆက်သွယ်နေကာ သေဆုံးသူများ၏ အမည်နာမကို ဖော်ထုတ်ရန်နှင့် ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည်ပို့ဆောင်ရန်အတွက် လိုအပ်သော တရားဝင်လုပ်ငန်းစဉ်များ ပြီးမြောက်စေရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်သော အကူအညီအားလုံးကို ပေးအပ်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျသည် ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားများ အများဆုံးရှိရာနေရာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဒဿမ ၅ သန်းခန့် နေထိုင်လုပ်ကိုင်လျက်ရှိသည်။

image