၁၈ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက်နှင့် ပြန်လည်ပူးပေါင်းလာတော့မယ့် ရက်ဖို့ဒ်
======================
မားကပ်စ်ရက်ဖို့ဒ်ဟာ ယခုအပတ်တွင် ၁၈ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက်ကစားဖော်များနှင့် ပူးပေါင်းလာတော့မှာ ဖြစ်ပါတယ်။
ရက်ဖို့ဒ်ဟာ တနင်္ဂနွေနေ့တွင် ဒဗ္ဗလင်တွင် ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းလာရပါမယ်။ ရက်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီး သုံးပတ်ကြာ အနားယူပြီးနောက် မိခင်ကလပ်နှင့် ပူးပေါင်းလာမှာလည်း ဖြစ်ပါတယ်။
ကိုဘီမိုင်နူး၊ လီဆန်ဒရိုမာတီနက်ဇ်တို့မှာလည်း လွန်ခဲ့တဲ့သုံးပတ်တုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲကစားပြီးနောက် ကလပ်နှင့် ပူးပေါင်းလာပါမယ်။
အသက် ၂၈ နှစ်ရှိ ရက်ဖို့ဒ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ဗီလာသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့ကစားကတည်းက ယူနိုက်တက်ကစားဖော်များနှင့် အတူ လေ့ကျင့်ခန်းမဆင်းလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာသို့ ပေါင် ၂၆ သန်းဖြင့် အပြီးသတ်ပြောင်းမယ့်အချက်ဖြင့် ပြောင်းခဲ့ပေမယ့်လည်း စပိန်ထိပ်သီးကလပ်က အန်တိုနီဂေါ်ဒွန်ကို ပေါင် ၆၉ သန်းဖြင့် ခေါ်ယူရန် ရွေးချယ်သွားခဲ့ပါတယ်။
ဗီလာကလည်း ဘယ်တောင်ပံနေရာအတွက် အလီဂျန်ဒရိုဂါနာချိုအား ခေါ်ယူထားပါတယ်။
ဇန်နဝါရီလတုန်းက ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့အပြင် နည်းပြသစ်မိုက်ကယ်ကာရစ်လက်ထက်တွင် ယူနိုက်တက်မှာ အထိုင်ကျနေပြီ ဖြစ်ပေမဲ့လည်း ရက်ဖို့ဒ်မှာ အနာဂတ်မည်သို့ ဖြစ်လာမလဲဆိုတာ မသိရသေးပါဘူး။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ယူနိုက်တက်တွင် တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိနေတာ ဖြစ်ပြီး သူ့လုပ်ခက အခြားကလပ်များအတွက် ခေါ်ယူရေး ကြီးမားတဲ့ အဟန့်အတားဖြစ်နေစေပါတယ်။
ကာရစ်မှာ ရက်ဖို့ဒ်ရဲ့ ကစားဖော်ဟောင်း၊ အသင်းခေါင်းဆောင်ဟောင်း၊ နည်းပြဟောင်း၊ ယာယီမန်နေဂျာဟောင်းဖြစ်ရာ ကောင်းမွန်တဲ့ ဆက်ဆံရေးပိုင်း ရှိနေပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ရက်ဖို့ဒ်အား နောက်ထပ်တစ်ရာသီ အငှားချရန် အစီအစဉ်မရှိပါဘူး။
ရက်ဖို့ဒ်ဟာ ယူနိုက်တက်နှင့် ပြန်လည်ပူးပေါင်းပြီးနောက် ပထမဆုံးပွဲအဖြစ် နည်းပြဟောင်းအမိုရမ်ကိုင်တွယ်နေတဲ့ အေစီမီလန်နှင့်ပွဲအဖြစ် ကစားလာနိုင်ပါတယ်။