သမိုင်းတွင် တတိယပြောင်းရွှေ့ကြေးအမြင့်ဆုံးဂိုးသမားအဖြစ် ထရက်ဖို့ဒ်အား လိဒ် ခေါ်ယူလာ
======================
ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ လိဒ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းအထိ မြင့်မားလာနိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကာ မန်စီးတီးအား ဒုတိယအကြိမ်မြောက် စွန့်ခွာလာပါတယ်။
အသက် ၂၃ နှစ်ရှိ ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ မန်စီးတီးအကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အနောက်မြောက်ပိုင်း ပြိုင်ဘက် ဘန်လေသို့ ပေါင် ၁၉ သန်းဖြင့် ထွက်ခွာခဲ့ဖူးပါတယ်။
ဒါပေမဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ပေါင် ၁၉ သန်းဖြင့် ထရက်ဖို့ဒ်အား ပြန်လည် ခေါ်ယူခဲ့ပါတယ်။ ထိုစဉ်တုန်းက အီဒါဆင် ထွက်ခွာလာမှုနှင့်အတူ ထရက်ဖို့ဒ်မှာ မန်စီးတီးရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာမယ်လို့ ခန့်မှန်းခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ မန်စီးတီးဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် အီတလီဂိုးသမားဒွန်နာရမ်မာအား ခေါ်ယူလာမှုနှင့်အတူ ထရက်ဖို့ဒ်မှာ နံပါတ် ၂ ဂိုးသမားအဖြစ် ကစားခဲ့ရပါတယ်။
သူဟာ ပြည်တွင်းရှုံးထွက်ဖလားပွဲများတွင် ပွဲထွက်ကစားခွင့်ရခဲ့ပြီး မန်စီးတီးအား ခါရာဘောင်ဖလားနှင့် အက်ဖ်အေဖလားတို့ ရယူပေးနိုင်ခဲ့ပါတယ်။
သူဟာ ပထမအသင်းတွင် ပုံမှန်ကစားခွင့် ရရှိမှသာလျှင် အင်္ဂလန်နံပါတ်တစ်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်နေရာကို ဆက်ခံနိုင်မယ့် အခွင့်အရေး ရှိနေရာ ပုံမှန်ကစားခွင့် ရရှိမယ့် လိဒ်ကို ရွေးချယ်လာပြီ ဖြစ်ပါတယ်။
လိဒ်ဟာ ကားလ်ဒါလောအား ယူနိုက်တက်သို့လည်းကောင်း၊ အီယန်မီဆလီယာကို အာဆင်နယ်သို့လည်းကောင်း လက်လွှတ်ထားရပါတယ်။
မန်စီးတီးဟာ ဂျိမ်းစ်ထရက်ဖို့ဒ်ရဲ့ အရောင်းစာချုပ်အတွင်းတွင် အနာဂတ်ရောင်းချမှုမှ အမြတ်ရဲ့ ၂၀ ရာခိုင်နှုန်းအား အကျိုးခံစားမယ့်အချက်အပြင် အခြားကလပ်ရဲ့ ကမ်းလှမ်းမှုနှင့်အပြိုင် ကမ်းလှမ်းနိုင်ပါက အီတီဟတ်သို့ ပြန်လည်ခေါ်ယူနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဒါကြောင့်လည်း ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ အနာဂတ်တွင် အီတီဟတ်သို့ တတိယအကြိမ်မြောက် ပြန်လည် ရောက်လာနိုင်ပါသေးတယ်။
ဒါ့အပြင် ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ ကီပါအာရီဇာဘာလာဂါ(ပေါင် ၇၁.၈ သန်း)၊ အလစ်ဆင်ဘက်ကာ(ပေါင် ၆၇ သန်း)တို့ပြီးလျှင် အပြောင်းအရွှေ့သမိုင်းတွင် တတိယပြောင်းရွှေ့ကြေးအမြင့်မားဆုံးဂိုးသမား ဖြစ်လာပါတယ်။
မန်စီးတီးဟာ ဂျိမ်းစ်ထရက်ဖို့ဒ် ထွက်ခွာသွားမှုနှင့်အတူ နံပါတ် ၂ ဂိုးသမားနေရာအတွက် မာဆေးဂိုးသမားဂီရိုနီမိုရူလီအား ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။
တဖက်တွင် မန်စီးတီးဟာ ဘယ်ဂျီယံတောင်ပံကစားသမားဂျီရီမီဒိုကူအား အီတီဟတ်တွင် ၂၀၃၁ ခုနှစ်အထိ ထိန်းထားနိုင်မယ့် စာချုပ်သစ်အား ချုပ်ဆိုလာပါတယ်။
မန်စီးတီးဟာ ဖီးလ်ဖိုဒန်၊ ခါဆာနော့ဗ်နှင့် ဂဗာဒီယောတို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။