မိုးကုတ်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားအိကျ၍ မြေပြိုကျမှုများ ဖြစ်ပေါ်၊
ဆည်တော်ကြီး ရေလှောင်တမံ ပိုလျှံရေ လွှဲထုတ်မှုကြောင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ကားလမ်းမကြီးပေါ်သို့ ရေကျော်စီးဆင်းမှုများ ဖြစ်ပေါ်ခဲ့
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ဩဂုတ် ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ကျပ်ပြင်ရပ်ကွက် (အနောက်ဘက်ပန်းမရပ်)၊ ရွှံ့ပန်းရပ်ကွက်၊ ကျောက်ဆင်ကျေးရွာနှင့် ဘော်မားကျေးရွာတို့တွင် မြေသားအိကျ၍ မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြိုမှုများကြောင့် လူနေအိမ်များနှင့် အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့သည့်အပြင် ကတ္တရာလမ်းများ နိမ့်ဝင်ပျက်စီးခဲ့သဖြင့် လမ်းများ ယာယီပိတ်ထားခဲ့ရသည်။
လက်ရှိတွင် တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်ရေးနှင့် Loader ယာဉ်များဖြင့် လမ်းကြောင်းများ ပြန်လည်ပွင့်လင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားကာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ရေလှောင်တမံအနီးရှိ ကျေးရွာများနှင့် တံငါတံတား (ကျောက်စရစ်ကုန်းတံတား) ထိခိုက်မှု မရှိစေရေးအတွက် ဩဂုတ် ၇ ရက်တွင် ပိုလျှံရေများကို ရေပိုလွှဲတံခါးကြီး ၇ ခုမှ ပျမ်းမျှ ၂ ပေခန့်စီ ဖွင့်ဖောက်၍ ရေထိန်းညှိ လျှော့ချခဲ့သည်။ ထိုသို့ လွှဲထုတ်မှုကြောင့် မတ္တရာမြို့နယ် တံငါတောင်ကျေးရွာအနီး မန္တလေး-သပိတ်ကျင်း-မိုးကုတ် ကားလမ်းမကြီးပေါ်သို့ ရေကျော်စီးဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေကျော်စီးဆင်းမှုကြောင့် ထိခိုက်မှုရှိခဲ့သည့် မတ္တရာမြို့နယ်၊ အထက်တောင်ကိုင်းကျေးရွာရှိ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ ဝေငှပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။