အင်္ဂလန်အား အနိုင်ရတဲ့နေ့အား စပါယ်ရှယ်နေ့အဖြစ် အာဂျင်တီးနား ဖန်တီး သတ်မှတ်လာ
===================
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် အင်္ဂလန်အား အနိုင်ရခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့အား နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းနေ့အဖြစ် သတ်မှတ် ကြေညာလာပါတယ်။
၁၉၆၆ နောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားဆွတ်ခူးဖို့ ကြိုးစားနေတဲ့ အင်္ဂလန်ဟာ ယင်းပွဲတွင် ပွဲချိန် ၅၅ မိနစ်မှာ အန်တိုနီဂေါ်ဒွန်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သောမတ်စ်တူချယ်ဟာ လက်ကျန်ပွဲချိန်များတွင် ခံစစ်ကစားရန် ဆုံးဖြတ်ပြီး ခံစစ်ပိတ်ဆို့ကစားခဲ့ရာ ၈၅ မိနစ်တွင် ဖာနန်ဒက်ဇ်ရဲ့ ချေပဂိုးကို ပေးခဲ့ရကာ ၉၁ မိနစ်တွင် မာတီနက်ဇ်ရဲ့အနိုင်ဂိုးအားပေးခဲ့ပါတယ်။
အာဂျင်တီးနားဟာ ၁၉၈၆ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် အင်္ဂလန်အား အငြင်းပွားဖွယ် အနိုင်ရပြီးနောက် နှစ်ပေါင်း ၄၀ အကြာမှာ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းပွဲစဉ်အပြီးတွင် အာဂျင်တီးနားကစားသမားများဟာ ဖော့ကလန်က အာဂျင်တီးနားအပိုင်ဆိုတဲ့ စာသားပါ နဖူးစည်းကို ကိုင်ဆောင်ပြီး အငြင်းပွားရာ လုပ်ရပ်လုပ်ခဲ့ပါတယ်။
ဖော့ကလန်ကျွန်းမှာ အတ္တလန္တိတ်သမုဒ္ဒရာအနောက်တောင်ပိုင်းရှိ ဗြိတိန်ပိုင် ကျွန်းတစ်ကျွန်းဖြစ်ပြီး အာဂျင်တီးနားနှင့် ဗြိတိန်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားလာတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားဗိုလ်ချုပ်ကြီးလီယိုပယ်ဒိုဂယ်တီရီက အာဂျင်တီးနားကို အာဏာသိမ်း အုပ်ချုပ်စဉ် ၁၉၈၂ ခုနှစ်တုန်းက အာဂျင်တီးနားနှင့် မိုင် ၃၀၀ ခန့်အကွာတွင် ရှိတဲ့ ဖော့ကလန်ကျွန်းကို သိမ်းပိုက်ခဲ့ဖူးပါတယ်။
အင်္ဂလန်က ၁၉၈၂ ခုနှစ် ဧပြီလမှ ဇွန်လအထိ ၇၄ ရက်တိုင်တိုင် စစ်ဆင်ရေး ဆင်နွဲကာ ဖော့ကလန်ကျွန်းအား ပြန်လည်သိမ်းပိုက်ခဲ့ကာ အာဂျင်တီးနားစစ်သား ၆၅၅ ဦး၊ ဗြိတိန်စစ်သား ၂၅၅ ဦးနှင့် အရပ်သား ၃ ဦးလည်း သေဆုံးခဲ့ပါတယ်။
၂၀၁၃ ခုနှစ်တုန်းက ဖော့ကလန်ကျွန်းအတွင်း ဆန္ဒမဲခံယူပွဲ ပြုလုပ်ခဲ့ရာ ၉၉.၈ ရာခိုင်နှုန်းက ဗြိတိန်လက်အောက်တွင်သာ ဆက်လက် နေထိုင်ရန် မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။
အာဂျင်တီးနားဟာ အင်္ဂလန်ကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်သွားခဲ့ပေမဲ့ ဗိုလ်လုပွဲတွင် စပိန်အား ၁-၀ ဖြင့် ရှုံ့းနိမ့်ခဲ့ပါတယ်။