ဘက်တစ်ရှုံးပွဲကြောင့် အာဆင်နယ်ကစားသမားများ အကြီးအကျယ်ဒေါသထွက်
=======================
မီခေးလ်အာတီတာက အာဆင်နယ်ကစားသမားများမှာ ဒဗ္ဗလင်တွင် ဘက်တစ်အား ရာသီကြိုခြေစမ်းပွဲတွင် ရှုံးနိမ့်ပြီးနောက် အကြီးအကျယ်ဒေါသထွက်ခဲ့ကြကြောင်း ဆိုသွားပါတယ်။
အာဆင်နယ်ဟာ ခံစစ်ပိုင်းအားနည်းမှုနှင့်အတူ ပထမပိုင်းတွင် ၃ ဂိုးပေးခဲ့ရပြီး ၃-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ယင်းပွဲတွင် အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိခဲ့ပေမဲ့လည်း ဘက်တစ်က ခြိမ်းခြောက်မှုပိုင်း ပိုမို ပြုလုပ်နိုင်ကာ အာဆင်နယ်ထက် ဂိုးပေါက်တည့်ကန်ချက် ပိုမို ပြုလုပ်နိုင်ခဲ့ပါတယ်။
ပထမပိုင်းခြေစမ်းအတွက် အဝတ်အစားလဲခန်းအခြေအနေအား မေးမြန်းရာတွင် အာတီတာက "အရမ်းတုန်လှုပ်နေကြတယ်။ တကယ့် အဆိုးရွားဆုံးအချိန်ပဲ။ သူတို့ ဒေါသထွက်နေကြတယ်။ ဒါပေမဲ့ ဒါက ကောင်းပါတယ်။ ကျွန်တော်တို့ လိုအပ်နေတာ ဒါပဲလေ"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်အသင်းတွင် အင်္ဂလန်စတားများဖြစ်ကြတဲ့ ဒီကလန်ရိုက်စ်၊ အီဘီရီချီအီးဇီး၊ နိုနီမာဒူကီနှင့် ဘူကာရိုဆာကာတို့ ပါဝင်ခြင်း မရှိသေးပါဘူး။ အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်မှာလည်း တကိုယ်တော်လေ့ကျင့်ခန်းဆင်းနေပေမဲ့လည်း အသင်းအတွက် မကစားသေးပါဘူး။
ဒါ့အပြင် စပိန်နှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ မီခေးလ်မီရီနို၊ ဒေးဗစ်ရာယာနှင့် မာတင်ဇူဘီမန်ဒီတို့မှာလည်း အာဆင်နယ်နှင့် ပူးပေါင်းခြင်း မရှိသေးပါဘူး။
အာဆင်နယ်ရဲ့ ခြေစွမ်းအပေါ် ကျေနပ်အားရခြင်း မရှိပေမဲ့လည်း အာတီတာက ဘက်တစ်ရှုံးပွဲကြောင့် အသင်းရဲ့ ခြေစွမ်းပိုမိုကောင်းမွန်လာနိုင်တယ်လို့ အပြုသဘောဆောင် ပြောကြားသွားပါတယ်။