(၈) ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများအစည်းအဝေး မြန်မာပါဝင်တက်ရောက်
ပြည်သူ့ဝန်ဆောင်မှုပေးရာတွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ အတွေ့အကြုံများ မျှဝေခြင်းတို့ ဆောင်ရွက်ရန် ဆွေးနွေး
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးနှင့် (၈) ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးကို မြန်မာနိုင်ငံက ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အာဆီယံနှင့် အာဆီယံအပေါင်းသုံးနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အတွက် မြန်မာနိုင်ငံမှအကောင်အထည်ဖော်နိုင်ခဲ့သည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အသစ်ထုတ်ပြန်သည့် လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) အောက်တွင် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် (၂) ခုနှင့် အာဆီယံလူ့စွမ်းအားဗဟိုဌာနနှင့် အာဆီယံပြည်သူ့ဝန်ထမ်း သင်တန်းကျောင်းများ ကွန်ရက်တို့နှင့်စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုနောက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် ကောင်းမွန်သောအုပ်ချုပ်မှုဖိုရမ်၌ ပြည်သူ့ဝန်ဆောင်မှုပေးရာတွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ အတွေ့အကြုံများ မျှဝေခြင်းတို့ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများမှ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိကြီးများ၊ Focal Point များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကောင်းမွန်သောအုပ်ချုပ်မှုဖိုရမ်သို့ ပြည်တွင်း ပြည်ပမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။