ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတွင် ငါး/ပုစွန်မွေးမြူရေးကန် ဧက ၄ သိန်း ၇ သောင်းကျော်ရှိ
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ တွင် ငါး/ပုစွန်မွေးမြူရေးကန် ဧက ၄ သိန်း ၇ သောင်းကျော်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ငါးမွေးမြူရေးကန်များအနက် ဧရာဝတီတိုင်းဒေသကြီးတွင် ဧက ၁ သိန်း ၇ သောင်း ၇ ထောင်ကျော်ဖြင့် အများဆုံး ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဧက ၉ သောင်း ၇ ထောင်ကျော်ဖြင့် ဒုတိယအများဆုံးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ဧက ၃ သောင်းကျော်ဖြင့် တတိယအများဆုံး မွေးမြူထားခြင်းဖြစ်သည်။
မွေးမြူသည့် အမျိုးအစားများတွင် ပြည်ပသို့ တင်ပို့မှုအများဆုံးဖြစ်သည့် ငါးမြစ်ချင်းကို အဓိကထား မွေးမြူကြပြီး ငါးဂျင်း၊ ငါးတန်၊ ရေချိုငါးမုတ်နှင့် မိုနိုဆက် တီလာပီးယား ငါးများကိုလည်း မွေးမြူကြကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမွေးတောင်သူများအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ငါးလုပ်ငန်းစခန်းများနှင့် ဦးစီးဌာနရုံးများတွင် အခြေခံ ငါးမွေးမြူရေးသင်တန်းများနှင့် ငါးဆေးထိုးသားပေါက် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးအောင်၏ ပြောကြားချက်အရ သိရသည်။