မဒေါက်မြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်ကျော်လွန်
---------------------------
ပဲခူးတိုင်းဒေသကြီး၊ မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေခန့် ကျော်လွန် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၆ ရက် မနက် ၈ နာရီအချိန်မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ နောက် ၁ ရက်အတွင်း ၂ လက်မလောက်ကျဆင်းလာနိုင်ပေမယ့် အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်ကြသူတွေအနေနဲ့ ရေဘေးလွတ်ရာနေရာတွေကို ရှောင် ရှားနိုင်ကြဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေတာနဲ့ မိုးတိမ် တောင်တွေ ဖြစ်ထွန်းမှုအားကောင်းနေတာတို့ကြောင့် ဩဂုတ်လ ၆ ရက် မနက်ပိုင်းကနေ ဩဂုတ်လ ၉ ရက် အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။