မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၄၁ ဦးကို တာချီလိတ်မြို့နယ်၌ ဖမ်းဆီး

မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၄၁ ဦးကို တာချီလိတ်မြို့နယ်အတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) အုပ်စု ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး ရှောင်ကွင်းလမ်းအား သြဂုတ် ၅ ရက် နံနက် ၄ နာရီခန့်တွင် ရှောင်တခင်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား စစ်ဆေးမေးမြန်းချက်အရ ဝမ်ပုံကျေးရွာအနီးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်၍ ခိုအောင်းနေထိုင်သော တရုတ်နိုင်ငံသားများရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် ဝမ်ပုံကျေးရွာ၏ တောင်ဘက် မီတာ ၄၆၀၀ ခန့်အကွာတွင် တရုတ်နိုင်ငံသား အမျိုးသား ၁၉ ဦး၊ အမျိုးသမီးတစ်ဦး ပေါင်း ၂၀ ကိုလည်းကောင်း၊ အဆိုပါနေရာ၏ အရှေ့မြောက် ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် တရုတ်နိုင်ငံသား အမျိုးသား ၁၉ ဦးအားလည်းကောင်း ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သဖြင့် တရုတ်နိုင်ငံသား အမျိုးသား ၄၀၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄၁ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

image