မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့ ကွင်းသွင်းခြင်းခတ်ကစားနည်း၌ ငွေတံဆိပ်ဆုများအသီးသီးဆွတ်ခူး
မြန်မာ့လက်ရွေးစင်အမျိုးသားခြင်းအသင်းနှင့် အမျိုးသမီးခြင်းအသင်းတို့သည် ထိုင်းနိုင်ငံတွင်ကျင်းပလျက်ရှိသည့် (၃၉)ကြိမ်မြောက်ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၆ ပြိုင် ပွဲ၏ ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုများအသီးသီးရရှိခဲ့ကြောင်း သိရသည်။
အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲအား မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းမှ ဟန်ဝင်းထွဋ်၊ အောင်အောင်၊ အောင်ဇော်ဟိန်း၊ ချစ်မင်းပိုင်၊ ကျော်မင်းသူနှင့် မင်းရန်ခိုင်တို့ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့ကြပြီးနောက် ရမှတ်(၅၁၀) မှတ်ဖြင့် ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှ နေခြည်နွေး၊ ဆုမွန်ကျော်၊ နမ့်မေသူထွေး၊ နှင်းနှင်းဝေ၊ ရွှန့်လဲ့ဇင်နှင့် ယဉ်ယဉ်ဌေးတို့ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ရမှတ်(၄၇၀) မှတ်ဖြင့် ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။