မာလီအလယ်တန်းကစားသမားဆန်ဂါရီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘရန့်ဖို့ဒ် ခေါ်ယူအားဖြည့်လာ
====================
ဘရန့်ဖို့ဒ်ဟာ လန်းစ်မှ မာလီအလယ်တန်းကစားသမားမာမာဒူဆန်ဂါရီအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
အသက် ၂၅ နှစ်ရှိ အလယ်တန်းကစားသမားဟာ ဘရန့်ဖို့ဒ်သို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာတာ ဖြစ်ပြီး စာချုပ်အတွင်းတွင် ၁၂ လ သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဘရန်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ဘုန်းမောက်မှ ဒန်ဂိုအူအာတာရာအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်းဖြင့် ခေါ်ယူပြီးနောက် ယခုနွေရာသီတွင် နောက်ထပ် ပြောင်းရွှေ့ကြေးစံချိန်သစ်ချိုးကာ အသုံးပြုလာတာပါ။
ကွင်းလယ်ကစားသမားဟာ ရက်ပစ်ဗီယင်နာမှ ပြောင်းလာပြီးနောက် ပြီးခဲ့တဲ့ရာသီတုန်းက လန်းစ်အတွက် ၃၃ ပွဲကစားပေးခဲ့ပါတယ်။
သူဟာ ရက်ဘူးလ်ဆဲလ်ဘတ်တွင် ကစားသမားဘဝစတင်ခဲ့သူ ဖြစ်ပြီး အငှားဖြင့် ထွက်ကစားပြီးနောက် ဟတ်ဘတ်နှင့် ရက်ပစ်ဗီယာနာသို့ ပြောင်းကစားခဲ့သူ ဖြစ်ပါတယ်။
သူဟာ မာလီအသင်းအတွက် ၁၆ ပွဲကစားပေးထားကာ ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲတွင် ပါဝင်ကစားခဲ့ပါတယ်။