ဘရိုက်တန်မှ အသက် ၃၅ နှစ်အရွယ်ရှိ တိုက်စစ်မှူးဝဲလ်ဘက်အား ချဲလ်ဆီး ခေါ်ယူလာ
=====================
ချဲလ်ဆီးက ဘရိုက်တန်မှ ဝါရင့်တိုက်စစ်မှူးဒန်နီဝဲလ်ဘက်အား ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာသွားပါတယ်။
အာဆင်နယ်နှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ ကလပ်နှစ်ခုလုံးက ဒန်နီဝဲလ်ဘက်ရဲ့ ပြောင်းရွှေ့ကြေးကို ကြေညာလာခြင်း မရှိပါဘူး။
ဒန်နီဝဲလ်ဘက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘရိုက်တန်အတွက် ၃၇ ပွဲတွင် လိဂ်ဂိုး ၁၃ ဂိုးသွင်းယူနိုင်ခဲ့ကာ သူ့ထက် ပရီးမီးယားလိဂ်ဂိုးသွင်းနိုင်တဲ့ အင်္ဂလိပ်ကစားသမား ၃ ဦးတည်းသာ ရှိခဲ့ပါတယ်။
ချဲလ်ဆီးဟာ မော်ဂန်ရော်ဂျာနှင့် မာကိုပါလီစထရာတို့အား ခေါ်ယူပြီးနောက် တတိယမြောက် ခေါ်ယူမှုအဖြစ် ဝဲလ်ဘက်အား ခေါ်ယူလာတာပါ။
ဝဲလ်ဘက်က "ချဲလ်ဆီးက စိတ်ဝင်စားတယ်ဆိုတာ ကြားလိုက်ရတဲ့အချိန်မှာ ဂုဏ်ယူစိတ်ဖြစ်မိတယ်။ ဒီက ကောင်လေးတချို့နဲ့ သိထားပြီးသားပါ။ မန်နေဂျာနဲ့လည်း စကားကောင်းကောင်း ပြောခဲ့ရတယ်။ ပြီးတော့ ဆက်နွယ်မှု ရှိနေပြီလို့ ခံစားရပြီးသားလို ဖြစ်နေတယ်။ ကလပ်ကလူတွေ၊ ပရိသတ်တွေ ဂုဏ်ယူရဖို့ အစွမ်းကုန်ပေးဆပ်သွားဖို့ အသင့်ပါ"လို့ ပြောကြားသွားပါတယ်။
ချဲလ်ဆီးပိုင်ရှင်တို့ဟာ ၂၀၂၂ ခုနှစ်တွင် ကလပ်ကို ဝယ်ယူပြီးနောက် လူငယ်ကစားသမားများကိုသာ ခေါ်ယူလာခဲ့ကြပေမဲ့လည်း အတွေ့အကြုံရင့် ကစားသမားနည်းပါးနေမှုနှင့်အတူ ဝဲလ်ဘက်အား ခေါ်ယူကာ အပြောင်းအရွှေ့ဗျူဟာ အပြောင်းအလဲ ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒန်နီဝဲလ်ဘက် ရောက်လာမှုနှင့်အတူ ချဲလ်ဆီးတွင် ရှိနှင့်ပြီးသား တိုက်စစ်မှူးများဖြစ်ကြတဲ့ လီယမ်ဒီလပ်၊ အီမန်နူရယ်အီမီဂါ၊ မာ့ခ်ဂူယူ၊ နီကိုလပ်စ်ဂျက်ဆင်တို့ရဲ့အနာဂတ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒန်နီဝဲလ်ဘက်ဟာ ယူနိုက်တက်တွင် ကစားသမားဘဝ စတင်ကာ ၂၀၁၄ ခုနှစ်တွင် ပေါင် ၁၆ သန်းဖြင့် အာဆင်နယ်သို့ ပြောင်းခဲ့ပါတယ်။
သူဟာ အာဆင်နယ်တွင် ၅ ရာသီကြာ ကစားပြီးနောက် ဝက်ဖို့ဒ်တွင် တစ်ရာသီကစားခဲ့ကာ ၂၀၂၀ ခုနှစ်မှာ ဘရိုက်တန်သို့ ပြောင်းခဲ့ပါတယ်။
ဝဲလ်ဘက်ဟာ အင်္ဂလန်အတွက် ၄၂ ပွဲကစားပေးထားကာ ၁၆ ဂိုးသွင်းပေးထားပြီး ၂၀၁၈ ခုနှစ်တုန်းက နောက်ဆုံးကစားခွင့်ရခဲ့တာပါ။
ချဲလ်ဆီးဟာ ဝါရင့်ကစားသမားခေါ်ယူမှုအဖြစ် ဒန်နီဝဲလ်ဘက်အပြင် ဘရန့်ဖို့ဒ်မှ လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျော်ဒန်ဟင်ဒါဆင်ကိုလည်း ခေါ်ယူရေး အပြီးသတ်ရန် လုပ်ဆောင်နေပါတယ်။