ဘင်ဖီကာမှ ပေါ်တူဂီနောက်ခံလူဆေးလ်ဗားအား ဘုန်းမောက် ခေါ်ယူအားဖြည့်လာ
==================

ဘုန်းမောက်ဟာ ဘင်ဖီကာမှ ပေါ်တူဂီနောက်ခံလူအန်တိုနီဆေးလ်ဗားအား ပေါင် ၂၅.၇ သန်းဖြင့် ခေါ်ယူမှုအား အပြီးသတ်လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ နောက်ခံလူဟာ ၂၀၂၂ ခုနှစ်တွင် ဘင်ဖီကာပထမအသင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီးနောက် ပုံမှန်ကစားခွင့်ရလာသူ ဖြစ်ပြီး ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကလပ်ကမ္ဘာ့ဖလားတို့ ကစားလာခဲ့သူလည်း ဖြစ်ပါတယ်။
ဘုန်းမောက်ဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အစောပိုင်းတုန်းက စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် စပါးစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားတဲ့ မာကို့စ်ဆီနီဆီရဲ့ နေရာတွင် တိုက်ရိုက်အစားထိုးရန် ဆေးလ်ဗားကို ခေါ်ယူလာတာပါ။
ဆေးလ်ဗားက "ဒီကို ရောက်လာခွင့်ရတဲ့အတွက် အရမ်းပျော်တယ်။ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရလို့‌ ပျော်တယ်။ ကစားဖော်တွေနဲ့ ရာသီသစ်စတင်ဖို့ မစောင့်နိုင်တော့ပါဘူး။ ပြီးတော့ ဒီမှာ အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့် စိတ်ဓာတ်က အမြဲအနိုင်ရဖို့ပါ။ အကောင်းဆုံးကြိုးစားမယ်။ ပရိသတ်အတွက် ကစားပေးသွားမယ်။ ကွင်းထဲမှာ ခြေစွမ်းပြနိုင်ဖို့ အရာအားလုံး ရှိထားပြီးသားပါ။ စတင်ဖို့ မစောင့်နိုင်တော့ပါဘူး"လို့ ဘုန်းမောက်ဝက်ဘ်ဆိုက်မှ ပြောကြားသွားပါတယ်။
ဘုန်းမောက်ဟာ ဆေးလ်ဗားအတွက် ဘင်ဖီကာအား ပေါင် ၂၁.၄ သန်းပေးရမှာ ဖြစ်ပြီး ကျန် ပေါင် ၄.၃ သန်းကို စွမ်းဆောင်ရည်အပေါ် မူတည်ကာ ထပ်မံပေးရပါမယ်။
ဗဟိုနောက်ခံလူဟာ ပေါ်တဂီအတွက် ပွဲ ၂၀ ကစားထားသူ ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ယူရို ၂၀၂၄ ပြိုင်ပွဲတို့တွင် ပါဝင်ကစားခဲ့ကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ချန်လှပ်ခံခဲ့ရပါတယ်။
ဘုန်းမောက်ဟာ ယခုနွေရာသီတွင် အယ်ချီမှ စပိန်တိုက်စစ်မှူးအယ်ဗာရိုရိုဒရီဂွက်ဇ်အား‌ ပေါင် ၂၅.၇ သန်းဖြင့် ခေါ်ယူပြီးနောက် ဒတိုယမြောက်ကစားသမားအား ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ဘုန်းမောက်ဟာ အသင်းရဲ့အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ အဲလက်စ်စကော့၊ ရာယန်နှင့် ဂျူနီယာခရူပီတို့အား အသင်းတွင် ဆက်ထိန်းထားရန် ဆုံးဖြတ်ထားပါတယ်။

image