ချဲလ်ဆီးအတွက် မူဒရစ် ပြန်ကစားရေး အချိန်ယူရမည်ဟု အလွန်ဆို ပြောကြားလာ
===================
ချဲလ်ဆီးနည်းပြဇာဘီးအလွန်ဆိုက အသင်းတွင် မိုင်ခေလိုမူဒရစ် ပြန်လည်ပါဝင်လာမှုအပေါ် အလွန်ဝမ်းသာကြောင်း၊ သို့ရာတွင် ယူကရိန်းကစားသမားရဲ့ လုပ်နိုင်စွမ်းကို သိရန် အလွန်စောနေသေးကြောင်း ပြောကြားလာပါတယ်။
အသက် ၂၅ နှစ်ရှိ ယူကရိန်းလက်ရွေးစင်ဟာ အက်ဖ်အေရဲ့ တားမြစ်ဆေးသုံးစွဲမှု ၄ နှစ်ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာပြီးနောက် ချဲလ်ဆီးရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းလာတော့မှာလည်း ဖြစ်ပါတယ်။
မူဒရစ်ဟာ တားမြစ်ဆေးသုံးစွဲကြောင့် ဆေးကျပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက ပွဲမကစားလာခဲ့သူလည်း ဖြစ်ပါတယ်။
မူဒရစ်ဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပေမဲ့လည်း ၁ နှစ်နှင့် ၈ လကျခံရပြီးနောက် ကျန်ပြစ်ဒဏ်များကို အက်ဖ်အေဘက်က ဖြေလျှော့ရန် သဘောတူလာမှုနှင့်အတူ ချဲလ်ဆီးအတွက် ကစားလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ဆစ်ဒနီတွင် စပါးစ်အား ၂- ၁ ဖြင့် ရှုံးနိမ့်တဲ့ ခြေစမ်းပွဲအပြီးတွင် အလွန်ဆိုက "ဟုတ်ပါတယ်။ သူ ဟောင်ကောင်ကို လာပါမယ်။ ဒါပေမဲ့ သူနဲ့ စကားမပြောရသေးပါဘူး။ သူ့ကြံ့ခိုင်မှုအခြေအနေ ဘယ်လို ရှိလဲ ပြောဖို့ စောသေးတယ်။ ပြန်ပါဝင်လာနိုင်ဖို့ ပွဲကစားနိုင်မှုအပိုင်းလည်း လိုသေးတယ်။ ဒီတော့ ပြောဖို့ အရမ်းစောသေးတယ်။ ဒါပေမဲ့ သူအတွက် ဝမ်းသာပါတယ်။ အထူးသဖြင့် ဒီကာလအတွင်းမှာ သူ ဘယ်လို ဖြတ်သန်းလဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။ ဘယ်လို ကြံ့ကြံ့ခံလဲဆိုတာ ဘယ်လို ခံစားနေရသလဲဆိုတာလည်း မသိပါဘူး"လို့ ပြောကြားသွားပါတယ်။
မူဒရစ်ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲမကစားနိုင်စဉ် ကာလအတွင်းတွင် သီးသန့်နည်းပြ၊ ဂိုးသမား ငှားရမ်းမှု ပြုလုပ်ကာ အပျော်တမ်းကလပ် Uxbridge နှင့်အတူ လေ့ကျင့်ခန်းဆင်းနေခဲ့ပါတယ်။
ဆက်လက်ပြီး အလွန်ဆိုက "အချိန်တော့ ယူရမယ်။ သူဟာ သ့နည်းသူ့ဟန်နဲ့ နေ့တိုင်းလေ့ကျင့်ခန်းဆင်းနေခဲ့တယ်။ သူက ဘောလုံးကစားချင်တော့ အရမ်းခက်ခဲခဲ့မှာပါ။ သူ အသင်းနဲ့ ပါဝင်ချင်ခဲ့မှာပါ။ သူက ဒါကို ကာလရှည်ကြာ ခွင့်မပြုခံခဲ့ရဘူး။ သူ့အခြေအနေကို အနှေးနဲ့အမြန်ဆိုသလို သိရပါမယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းတဲ့အချိန်ကျရင် သူ့တိုးတက်မှုအခြေအနေကို သိရမှာပါ"လို့ ပြောကြားသွားပါတယ်။
လက်ရှိအချိန်တွင် ချဲလ်ဆီးတောင်ပံတွင် ပီဒရိုနီတို၊ အက်စ်တီဗာအိုဝီလီယမ်၊ ဂျေမီဂတ်တန်၊ ဂျီယိုဗန်နီကွန်ဒါတို့ ရှိနေတဲ့အပြင် ကိုးလ်ပါလ်မာနှင့် မော်ဂန်ရော်ဂျာတို့မှာလည်း တောင်ပံတွင် ကစားနိုင်စွမ်း ရှိကြပါတယ်။