လေးမျက်နှာမြို့နယ် ရေဘေးသင့်သူတွေကို လှူဖို့လာတဲ့ ကားတိမ်းမှောက်လို့ ခြောက်ယောက်ဒဏ်ရာရ
လေးမျက်နှာမြို့နယ် ၊ အိုင်သပြုကျေးရွာအုပ်စုက ရေဘေးသင့်ပြည်သူတွေဆီကို လာတဲ့ အလှူရှင် ကားတစီး နိဗ္ဗာန်ရွာ နဲ့ ခမောက်စုရွာလမ်းပိုင်းမှာ ဒီနေ့ ဩဂုတ် ၄ ရက်နေ့မနက်ပိုင်းက တိမ်းမှောက်ပြီး ခြောက်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
" ကားက ပုဇင်းခေါင်းပေါ့ ၊စလစ်ဖြစ်ပြီး တိမ်းမှောက်တာပါ။ နယ်မြေခံအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ဆေးရုံပို့လိုက်တယ် ။ ဒဏ်ရာရတာက ခြောက်ယောက်လောက်ရှိတယ်။ အဲဒီရွာပတ်ဝန်းကျင်ကပဲ လာပြီးလှူရင်းဖြစ်ကြတာပါ။ " လို့ မြေပြင်ကူညီကယ်ဆယ်ရေး ပြုလုပ်ပေးခဲ့တဲ့ တွံတေးမြို့နယ် စိတ္တသုခလူမှုကူညီရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့ကားဟာ အိုင်ဇောက်ကျေးရွာအုပ်စု ၊ကံကုန်းကျေးရွာက ဖြစ်ပြီး ကားပေါ်မှာ လူ ၁၆ ယောက်လိုက်ပါလာတဲ့အနက် အမျိုးသားနှစ်ယောက် ၊ အမျိုးသမီးလေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ကြောင်း ၊ ဒဏ်ရာရတဲ့အထဲမှာ အမျိုးသမီးတယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
ဒဏ်ရာရသူအားလုံးကိုတော့ ဟင်္သာတ မြို့ပြည်သူ့ ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မနေ့က ဩဂုတ် ၃ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ရာမှာ စက်လှေတချို့တိမ်းမှောက်တာတွေရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့သိရပါတယ်။
လေးမျက်နှာမြို့ ၊ အမှတ် ၃ ရပ်ကွက်က ရေကြီးနစ်မြုပ်နေတဲ့ နေအိမ်တအိမ်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၆၉ နှစ်အရွယ်အမျိုးသမီး ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
လက်ရှိအထိလည်း လေးမျက်နှာမြို့နယ်မှာ ရေထပ်တိုးလာနေပြီး ရေကြီးနစ်မြုပ်တဲ့ဧရိယာပိုကျယ်လာတာကြောင့် ရွှေ့ပြောင်းဖို့ အကူအညီတောင်းသူတွေကို လူမှုကူညီရေး အသင်းအဖွဲ့တွေက ကူညီရွှေ့ပြောင်းပေးနေပါတယ်။
" မနေ့ကထက် ဒီနေ့မှာ ရေကငါးလက်မလောက်ထပ်တိုးလာတယ်။ ရေက ရေကာတာကျိုးထားတာဆိုတော့ ဆက်တိုက်တိုးနေမှာကို သိရက်နဲ့ မရွှေ့ပဲနေနေကြတာ ။.ရေကတအားတက်လာပြီး မနေရဲတော့မှ အရေးပေါ် ရွှေ့ပေးပါအုံးလုပ်ကြတာ ။ တကယ်ဆိုရေကတိုးလာမှာသိနေတာကို ကြိုရှောင်သင့်တာပါ။ အခုတော့ အရေးပေါ်ကယ်ထုတ်ရတာ သိပ်မရှိတော့ဘူး ။ထမင်းထုတ်ဝေတာ အကူအညီပိုင်းပဲသွားနေတယ်။မရွှေ့ပြောင်းတဲ့ အိမ်တွေက လူတွေကိုတော့ အုပ်စုလိုက်နေတဲ့ နေရာတွေကတော့ တော်တော်များများရောက်ပါတယ်။ အိမ်ထဲတယောက်ထဲနေတာမျိုး ၊အဆက်အသွယ်ကလည်းမရတာမျိုးဆိုရင်တော့ ရောက်ဖို့ခက်တာပေါ့။ " လို့ ရေဘေးသင့်သူတွေကို ကူညီနေသူက ပြောပါတယ် ။
လက်ရှိ လေးမျက်နှာမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် မြို့ပေါ် ရပ်ကွက် ၅ ခု နဲ့ ကျေးရွာပေါင်း ၅၇ ရွာက ပြည်သူ ၂၀၀၀၀ ကျော်လောက် ရေဘေးသင့်နေတာဖြစ်တယ်လို့ အစိုးရက ဒီနေ့ဩဂုတ်လေးရက်မှာ ထုတ်ပြန်ထားပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေး စခန်း ၉ ခုဖွင့်ပေးထားပေမယ့် ရွှေ့ပြောင်းနေထိုင်သူ ၂၀၂၃ ယောက်သာရှိတယ်လို့ ဆိုပါတယ်။ရေဘေးသင့်ပြည်သူအများစုဟာ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ယာယီခိုလှုံနေကြလို ၊ မိမိနေအိမ်မှာပဲ ဆက်နေနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။