အကြမ်းဖက်များကြောင့် ကျပ် ၂၆ ဘီလျံခန့် ပျက်စီးဆုံးရှုံးများဖြစ်ပေါ်ခဲ့သည့် ဆောင်ရွက်ဆဲ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်ပြုပြင်
အကြမ်းဖက်များကြောင့် ကျပ် ၂၆ ဘီလျံခန့် ပျက်စီးဆုံးရှုံးများဖြစ်ပေါ်ခဲ့သည့် ဆောင်ရွက်ဆဲ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်ပြုပြင်နေကြောင်း သိရသည်။
အကြမ်းဖက်လက်နက်ကိုင်များကြောင့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းနှင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်စခန်းရှိ အဆောက်အအုံများနှင့် နိုင်ငံပိုင် စက်/ယာဉ် ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများ၊ တည်ဆောက်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ မီးစက်များ၊ အရည်အသွေးထိန်းသိမ်းရေးရုံးရှိ ပစ္စည်းကိရိယာများ၊ မိုးလေဝသနှင့်ဇလဗေဒ တိုင်းတာရေးစခန်းရှိ တိုင်းတာရေးကိရိယာပစ္စည်းများ၊ နိုင်ငံခြားမှတင်သွင်းတပ်ဆင်ရသော စက်မှုလျှပ်စစ်ပစ္စည်းများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများအား ခိုးယူ/ဖျက်ဆီးခြင်းခံခဲ့ရကာ ကျောက်မဲမြို့ စီမံကိန်းအခြေစိုက်စခန်းအတွင်းရှိ ရုံးအဆောက်အအုံတစ်လုံးနှင့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းနေအိမ်တစ်လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယခုအချိန်တွင် ကျောက်မဲမြို့ရှိ စီမံကိန်းအခြေစိုက်စခန်းနှင့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအတွင်း ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်လက်နက်ကိုင်များ၏ ဖျက်ဆီးခဲ့မှုကြောင့် ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းတွင် ငွေကျပ်သန်း ၈၀၀ ခန့်နှင့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတွင် အဆောက်အအုံများနှင့် မြို့ပြတည်ဆောက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများ၊ စက်/ယာဉ် ယန္တရားများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများအတွက် ငွေကျပ် ၂၆ ဘီလျံခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။