ဖီဖာရဲ့အစီအစဉ်ကိုသာ ခွင့်ပြုလာပါက ကမ္ဘာ့ဖလားပြိုင်ပွဲအား ယူအီးအက်ဖ်အေ သပိတ်မှောက်လာမည်
====================
ဥရောပဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင် နိုင်ငံ ၅၅ နိုင်ငံတို့ဟာ ဖီဖာရဲ့ အရေးပါတဲ့ ပြိုင်ပွဲများရဲ့ ရှယ်ယာများအား ပုဂ္ဂလိကရင်းနှီးမြှပ်နှံရေးကုမ္ပဏီများထံ ရောင်းချမယ့် အစီအစဉ်ကိုသာ ခွင့်ပြုလာမည်ဆိုပါက ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ရန် မဲပေးဆုံးဖြတ်လာကြပါတယ်။
ယခုအပတ်အစောပိုင်းတုန်းက ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် အရေးပါတဲ့ ပြိုင်ပွဲအား စီးပွားရေးကုမ္ပဏီတစ်ခုအနေဖြင့် လုပ်ဆောင်ကာ ရှယ်ယာအချို့အား ပုဂ္ဂလိကရင်းနှီးမြှပ်နှံရေးကုမ္ပဏီထံသို့ ရောင်းချရန် စီစဉ်လာခဲ့ပါတယ်။
ဒါကြောင့်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ကြာသပတေးနေ့တုန်းက အရေးပေါ် အစည်းအဝေး ခေါ်ဆိုခဲ့ပြီး တကယ်လို့များ ယင်းအစီအစဉ်သာ ဖြစ်မြောက်လာပါက ဖီဖာက ကျင်းပတဲ့ ပြိုင်ပွဲအားလုံးကို သပိတ်မှောက်ရန် အဖွဲ့ဝင်နိုင်ငံများက မဲပေး ထောက်ခံလာကြပါတယ်။
ဥရောပဘောလုံးအဖွဲ့ဝင် နိုင်ငံ ၅၅ နိုင်ငံတို့ဟာ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ဖီဖာက ကြီးမှူးကျင်းပတဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကိုလည်း ဝင်ရောက်မယှဉ်ပြိုင်ဘဲ သပိတ်မှောက်လာပါမယ်။
ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုဟာ ကမ္ဘာဖ့လားပြိုင်ပွဲအပါအဝင် ပြိုင်ပွဲများရဲ့ ရှယ်ယာများကိုအား ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူများထံ ရောင်းချရေး အစီအစဉ်အား အဖွဲ့ဝင် နိုင်ငံများရဲ့ မဲအဆုံးအဖြတ်ဖြင့် ဆုံးဖြတ်လာမှာလည်း ဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံများက မထောက်ခံပေမဲ့လည်း အင်ဖန်တီနိုမှာ ဖီဖာအဖွဲ့ဝင် နိုင်ငံ ၂၁၁ မှ အများစုရှိရာ အာရှနှင့် အာဖရိကဘောလုံးအဖွဲ့ချုပ်အများစုရဲ့ ထောက်ခံမှု ရရှိနေမှုနှင့်အတူ ထောက်ခံမှုအသာဖြင့် အနိုင်ရလာဖို့ ရှိနေပါတယ်။
အင်ဖန်တီနိုဟာ သူ့ရဲ့အစီအစဉ်များကို သတ်မှတ်ကာလရက် နောက်ဆုံးထားပြီး ထောက်ခံမဲပေးတဲ့ ဘောလုံးအဖွဲ့ဝင်နိုင်ငံများအား ဒေါ်လာသန်း ၄၀ ရရှိလာစေမယ်လို့ မဲဆွယ်ထားပါတယ်။